Language:

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရက ငွေကျပ်ဘီလီယံ (၁၇၀) မတည်ထားပြီး ဘီလီယံ (၁၅၀ )ကို ချေးငွေထုတ်ချေးမည်


MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရက ငွေကျပ်ဘီလီယံ (၁၇၀) မတည်ထားပြီး ဘီလီယံ (၁၅၀ )ကို ချေးငွေထုတ်ချေးမည်

၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media)

ကြည်ညို

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ငွေကျပ်ဘီလီယံ (၁၇၀) မတည်ထားပြီး ယင်းအနက် ငွေကျပ်ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ (၂/၂၀၂၆) အစည်းအဝေးကို သြဂုတ်လ (၁၀)ရက်က ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးမှာ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက MSME လုပ်ငန်းရှင်တွေ ချေးငွေရယူရာမှာ အဆင်ပြေစေရေးအတွက် ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ဖြေလျှော့ပေးမှုတွေ ဆောင်ရွက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်တွေအနေနဲ့ အာမခံပစ္စည်း ပေးအပ်နိုင်ခြင်းမရှိတဲ့အတွက် CGI စနစ်နဲ့ ချေးငွေရယူလိုပါက ငွေကျပ်သန်း (၅၀) အထိ တိုးမြှင့်ပြီး ချေးငွေအာမခံနဲ့ ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

MSME ချေးငွေထုတ်ချေးတဲ့ လုပ်ငန်းစဉ်တွေ ကြန့်ကြာမှုမရှိဘဲ လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံတော်အနေနဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ဘီလီယံ (၁၇၀) မတည်ထားပြီး အဆိုပါရန်ပုံငွေထဲက ငွေကျပ် ဘီလီယံ (၁၅၀) ကို MSME လုပ်ငန်းရှင်တွေအတွက် ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိတာဖြစ်ပါတယ်။

MSME လုပ်ငန်းရှင်တွေဟာ လုပ်ငန်းတိုးချဲ့ရေး၊ စက်ပစ္စည်းနဲ့ ကုန်ကြမ်းဝယ်ယူရေးအတွက် MSME ချေးငွေတွေကို လျှောက်ထားရယူနိုင်ပြီး အစိုးရပိုင်ဘဏ်တွေအပြင် ပုဂ္ဂလိကဘဏ်တွေကနေတစ်ဆင့်လည်း ချေးငွေထုတ်ချေးပေးနေပါတယ်။

ဒါ့အပြင် MSME လုပ်ငန်းတွေ ချေးငွေရယူရာမှာ အတိုးနှုန်းသက်သာတဲ့ ချေးငွေစနစ်တွေနဲ့ အာမခံပစ္စည်းမရှိတဲ့ လုပ်ငန်းရှင်တွေ ချေးငွေရယူနိုင်ရေးအတွက် ချေးငွေအာမခံစနစ်တွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#MSME

#အသေးစားအလတ်စားလုပ်ငန်း

#ချေးငွေ

#အာမခံ

#လုပ်ငန်းရှင်

#ဘဏ်ချေးငွေ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin