Language:

တာချီလိတ်မှာ ရက်(၁၀၀)စီမံကိန်းကြောင့် ထိုင်းကုန်ပစ္စည်း တစ်ပိုင်တစ်နိုင်သယ်ယူခွင့် (၁)လကျော် ရပ်နားထားရ


တာချီလိတ်မှာ ရက်(၁၀၀)စီမံကိန်းကြောင့် ထိုင်းကုန်ပစ္စည်း တစ်ပိုင်တစ်နိုင်သယ်ယူခွင့် (၁)လကျော် ရပ်နားထားရ

၁၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရက်(၁၀၀)စီမံကိန်းနှင့် လူကြီးခရီးစဥ်များကြောင့် အမှတ်(၁)တံတားပေါ်ကနေ ဒေသတွင်းစားသုံးရန် အသား၊ ငါးနှင့် ကုန်စိမ်းများကလွဲပြီး အခြားကုန်ပစ္စည်းများ တစ်ပိုင်တစ်နိုင်သယ်ယူခွင့် ရပ်နားထားတာ (၁)လကျော်ကြာနေပြီဖြစ်ကြောင်း ဒေသခံ မယ်ဆိုင်-တာချီလိတ် ကုန်ပစ္စည်းသယ်ယူပေးသူတွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းများကို နှစ်ဖက်အာဏာပိုင်များက အများအပြား သယ်ယူခွင့်မပြုသော်လည်း ဒေသအတွင်း စားသောက်ကုန်ဖြစ်တဲ့ အသား၊ ငါးနှင့် ကုန်စိမ်းများကို တံတားဖွင့်ချိန် မနက်(၆)နာရီမှ နံနက်(၈)နာရီအထိ အချိန် သတ်မှတ်ပြီး သယ်ယူခွင့်ပြုထားတယ်လို့ သိရှိရပါတယ်။

“ကုန်ပစ္စည်းတွေက တစ်ပတ်မှတစ်ခေါက်လောက်ပဲ သယ်ရတာ။ တစ်ခါတစ်လေဆို နှစ်ပတ်မှ တစ်ခေါက်လောက်ဘဲ သယ်ရတာ။ ဒါကြောင့် ဝင်ငွေလည်းနည်းလာတော့ မိသားစုစားဝတ်နေရေးမှာလည်း ခက်ခဲလာတယ်”လို့ အမှတ်(၁)တံတားတွင် တပိုင်တနိုင် ကုန်ပစ္စည်း သယ်ယူသည့်ကားမောင်းသူ ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဒေသမှာနေထိုင်တဲ့ ဒေသခံတွေ အဆင်ပြေစေဖို့ ထိုင်းနိုင်ငံထုတ် ကုန်စည် (၁၆၈)မျိုးကို ကုန်စည်ရဲ့ တန်ဖိုး (၃)ရာခိုင်နှုန်း ရှမ်းပြည်နယ်အစိုးရဆီ အခွန်ပေးသွင်းပြီး တပိုင်တနိုင် ကုန်စည်သယ်ယူခွင့်ကို ၂၀၁၂ ခုနှစ်က ပြည်ထောင်စုအစိုးရ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ တရားမဝင် ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒတင်းကြပ်လာတဲ့နောက်ပိုင်း တပိုင်တနိုင် ကုန်သယ်ခွင့်ကိုပါ ကန့်သတ်လာတဲအတွက် ထိုင်းနိုင်ငံက ကုန်စည်ကို အဓိကအားထားသုံးစွဲနေတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ဒေသခံတွေဟာ ကုန်ဈေးနှုန်းမြှင့်တက်မှုကိုပါ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ကန့်သတ်ထားတာ (၁)လကျော်ကြာလာပြီဖြစ်တဲ့အတွက် ထိုင်းနိုင်ငံဘက်ကနေ ကုန်ပစ္စည်းများ မှာယူရောင်းချနေတဲ့ တပိုင်တနိုင် ကုန်သည်များ၊ ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းများပါ အခက်ခဲများကြုံတွေ့နေရတာကြောင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်း ပြန်လည်သယ်ဆောင်ခွင့်ပေးရန် လိုလားနေကြတာလည်း ဖြစ်ပါတယ်။

#တပိုင်တနိုင်

#စီးပွားရေး

#နယ်စပ်ဒေသ

#ကုန်သည်

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin