၁၀ သြဂုတ်လ ၂၀၁၆ (Eastern ThanLwin)
ဗကြီး
K လို့အတိုခေါ်တဲ့ ကက်တမင်းမူးယစ်ဆေးဝါး (၁.၃)တန် တင်ဆောင်လာတဲ့ ပြည်ပအလံစိုက် သင်္ဘောတစ်စီးအား အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးပြီး သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ မြန်မာသင်္ဘောသား ၇ ဦးနဲ့ ထိုင်ဝမ်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးထားကြောင်း အရာရှိတွေက ပြောကြားပါတယ်။
သြဂုတ်လ ၉ ရက်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပမာဏဟာ အင်ဒိုနီးရှားရဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေထဲက တစ်ခုဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်အရာရှိတွေက ပြောကြားပါတယ်။
MV King Sun လို့ အမည်ရတဲ့ သင်္ဘောဟာ ထိုင်းနိုင်ငံအရှေ့ပိုင်းကနေ အင်ဒိုနီးရှားသို့ သံသယရှိကုန်စည်တွေတင်ဆောင်ပြီး ခုတ်မောင်းလာနေကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ဖေဖော်ဝါရီလအတွင်း ထောက်လှမ်းရေးသတင်းရရှိခဲ့ပြီး လများစွာ စောင့်ကြည့်ထောက် လှမ်းပြီးနောက် အခုလိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားအမျိုးသား ယစ်မျိုးအေဂျင်စီ အကြီးအကဲ ဆူယူဒီအာရီယိုဆီတိုက ပြောကြားပါတယ်။
အင်ဒိုနီးရှားရေပြင်ထဲ ဝင်ရောက်လာတဲ့ အဆိုပါသင်္ဘောကို ရေတပ်သင်္ဘောတစ်စီးက သြဂုတ် (၆)ရက် ကြားဖြတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သြဂုတ် (၇)ရက်က ပူးပေါင်းအဖွဲ့က စစ်ဆေးရာမှာ သင်္ဘောထဲ ဝှက်ပြီး သယ်ဆောင်လာတဲ့ အထုတ် (၆၅)ထုတ်တွ့ရှိပြီး ဆက်လက်စစ်ဆေး စမ်းသပ်မှုများအရ ကက်တမင်းမူးယစ်ဆေးများဖြစ်ကြောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ သြဂုတ်လ ၉ရက် ဘာတမ်ကျွန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဆူယူဒီကပြောကြားပါတယ်။
အင်ဒိုနီးရှား ရူပီးယား (၂.၀၇)ထရီလီယံ(စင်ကာပူ ဒေါ်လာ ၁၄၉သန်း) တန်ဖိုးရှိ ကက်တမင်းဆေးများ ရှာဖွေတွေ့ရှိခဲ့ပြီး အာဏာပိုင်တွေက နောက်ထပ် ရှာတွေ့ဦးမလား ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
မူးယစ်ဆေးဝါးများ မူလတင်ပို့ရာနေရာကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စတင်ရာ ဆိပ်ကမ်းပို့ဆောင်သူ လက်ခံရယူမယ့် သူတွေကို စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိတွေက ပြောကြားပါတယ်။

