၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်က ဘွင်သာတ်လွမ် စီးပွားရေးဇုန်အတွင်းမှာ Scam လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အဖွဲ့တွေကို လာအို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရဲ့ အထူးတာဝန်အဖွဲ့က ဩဂုတ်လ ၈ ရက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။
အထူးတာဝန်အဖွဲ့ဟာ ဘွင်သာတ်လွမ် စီးပွားရေးဇုန်အတွင်းက အဆောက်အအုံအမှတ် ၂၊ ၁၀ နဲ့ ၁၁ တို့ကို ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ရှာဖွေစစ်ဆေးရာမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီး လိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ Scam အဖွဲ့ဝင်တွေ၊ အွန်လိုင်းလောင်းကစား လုပ်ကိုင်သူတွေကို လူအများအပြား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ လာအိုဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဖမ်းဆီးစဉ်အတွင်း ဆက်စပ်သက်သေခံပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်း အမျိုးအစားများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးထားသူတွေရဲ့ နိုင်ငံသားအချက်အလက်၊ စုစုပေါင်းအရေအတွက်နဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ အသေးစိတ် စာရင်းတွေကိုတော့ လာအိုအာဏာပိုင်တွေက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း သြဂုတ်(၁)ရက်နေ့ကလည်း လာအိုနိုင်ငံရဲ့ မြို့တော် ဗီယင်ကျန်းမှာ အွန်လိုင်းကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာ(၆)ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသားအများစုပါတဲ့ လူပေါင်း(၆၃)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လာအို ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

