၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSP NC)နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)တို့ ဒုတိယအကြိမ်မြောက်အဖြစ် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အနေနဲ့ ၂၀၂၆ ခုနှစ် ဧပြီ (၂၁)ရက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနောက်ပိုင်း အစောဆုံး လာရောက်တွေ့ဆုံတဲ့ အဖွဲ့ဖြစ်ပြီး ယခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်တယ်လို့ သိရပါတယ်။
ယခုအကြိမ်တွေ့ဆုံမှုမှာ ပထမအကြိမ်ဆွေးနွေးချက်တွေကို ဘယ်လိုဆောင်ရွက်နေလည်း ဆွေးနွေးပေးဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီအနေနဲ့ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ်လာရေးကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးမူကို အမြဲကိုင်စွဲကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဘဲ ဖြေရှင်းဖို့ စိတ်ဆန္ဒရှိသလို လက်ရှိမှာလည်း ဒေသဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေပြီး တပ်မတော်နဲ့လည်း ထိတွေ့မှုမရှိ ဘူး” လို့ ပါတီဒုတိယဥက္ကဌ(၃) စဝ်ဆေပိုင်ဖက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ရေး၊ ဒေသတည်ငြိမ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေး၊ ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဝမ်ဟိုင်းဒေသမှာ MPT အင်တာနက်လိုင်းတွေ ရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ နယ်မြေကျော်လွန်တဲ့ ကိစ္စတွေကို နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အစိုးရအနေနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ရော၊ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ မည်သည့် ကြိုတင်ကန့်သတ်ချက်မှ မထားဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲတယ်လို့ နိုင်ငံတော်သမ္မတက အစိုးရ ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

