၈ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ပြည်တွင်းမှ အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ပစ်မှတ်ထားပြီး တာချီလိတ်မှာ အလုပ်ရမည်ဟု မက်လုံးပေးကာ ရောက်လာတော့မှ KTV ဟိုင်းခန်းနဲ့ ပြည့်တန်ဆာခန်းတွေမှာ ဝင်ရောက်လုပ်ကိုင်စေတဲ့ တရားမဝင် အလုပ်သမားပွဲစားတွေရှိနေတယ်လို့ အရှေ့သံလွင်ကစုံစမ်းသိရှိရပါတယ်။
တရားမဝင် အလုပ်အကိုင်ရှာဖွေပေးရေး ပွဲစားတွေက အလုပ်အကိုင်အတွက် နယ်ကလူတွေကို ပစ်မှတ်ထားကာ လစာနှင့် မျှော်လင့်ချက်ပေးပြီး ငွေကြိုလွှဲခိုင်းကာ တာချီလိတ်ကို တက်လာစေပြီး ရောက်လာတော့မှ ပြောထားသည့် စားသောက်ဆိုင် ၊ စားပွဲထိုးနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ လူပြည့်ပြီဆိုပြီး ပြည့်တန်ဆာနဲ့ KTV ဟိုင်းခန်းတွေမှာ အလုပ်သွင်းပေးနေကြတာ ဖြစ်ပါတယ်။
“အသက်ငယ်ငယ်နဲ့ ကလေးမတစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။ ပွဲစားခ(၂၀၀၀)ပေးလိုက်ရတယ်တဲ့၊ မှတ်ပုံတင်လည်း သိမ်းထားတယ်တဲ့၊ မလုပ်ရင် ပိုက်ဆံပြန်မပေးဘူးဆိုပြီး KTV ဟိုင်းမယ်နဲ့ တောကော့ ပြည်တန်ဆာရုံမှာ ပွဲစားကအလုပ်သွင်းပေးတာတဲ့၊ အဲ့ဒီပွဲစားတွေက လိုင်းပေါ်က အလုပ်ရှာဖွေပေးတဲ့အလုပ်လုပ်ကြတာ၊ အလုပ်ရရင်တောင် တောင်းထားတဲ့ငွေနဲ့ အလုပ်နဲ့ တခြားစီဘဲ”လို့ တာချီလိတ်မြို့က အလုပ်အကိုင်ရှာဖွေပေးတဲ့ MyTCL Job Service Agency မန်နေဂျင်းဒါရိုက်တာဖြစ်တဲ့ ဦးဟန်သူဇော်က အရှေ့သံလွင်ကိုပြောပါတယ်။
ပြည်တွင်းအလုပ်အကိုင်ရှားပါးတဲ့အပေါ် အမျိုးသမီးငယ်တွေကို နယ်စပ်မှာ စားသောက်ဆိုင် ၊ စားပွဲထိုးနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ အလုပ်ရမယ်ဆိုပြီး ကြိုတင်ငွေပေးကာ တာချီလိတ်မြို့ရောက်မှ KTV ဟိုင်းခန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေမှာ အလုပ်သွင်းပေးပြီး မလုပ်ချင် ကြိုတင်ငွေပြန်ပေးမည်ဖြစ်သဖြင့် ဝင်ရောက်လုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။
တာချီလိတ်မြို့မှာ အလုပ်အကိုင်ရှာဖွေပေးတဲ့ ပွဲစားအချို့နဲ့ တရားမဝင်အေဂျင်စီတွေက အလုပ်အကိုင်ရှာဖွေနေတဲ့သူ အများစုကို လိုင်းပေါ်မှ လိမ်လည်ခေါ်ဆောင်ပြီး ငွေကြိုတောင်းခံနေကြတာတွေရှိတယ်လို့ သိရပါတယ်။
ငွေကြို အများအပြားတောင်းတဲ့ အလုပ်သမားပွဲစားတွေမှာ အွန်လိုင်းပေါ်မှ အလုပ်အကိုင်ရှာဖွေပေးသည်ဟု ကြေငြာထားကြပြီး လိပ်စာနှင့် ဖုန်းနံပါတ်အတိအကျ ကြေညာထားခြင်းမရှိဘဲ လုပ်ကိုင်နေကြသူတွေဖြစ်ပြီး လူတစ်ဦးကို အနည်းဆုံး ဘတ်(၁၀၀၀)မှ ဘတ်(၂၀၀၀)အထိ ကြိုငွေတောင်းခံပြီး အလုပ်အကိုင်ရှာဖွေပေးနေကြတာဖြစ်ပါတယ်။
နယ်ဝေးမှ လာရောက်အလုပ်လုပ်ကိုင်တဲ့သူတွေကတော့ လိုင်းပေါ်ကနေ အလုပ်ခေါ်စာတွေ့တာကြောင့် အလုပ်လုပ်ကိုင်ရန် ပွဲစားအချို့နဲ့ အေဂျင်စီတွေကိုချိတ်ဆက်ပြီး လာရောက် အလုပ်လုပ်ကိုင်တဲ့သူတွေ များတယ်လို့ဆိုပါတယ်။
နယ်စပ်ဒေသဖြစ်တာကြောင့် တာချီလိတ်မြို့ကို နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူတွေ များပြားပြီး ဒေသခံတွေအနေနဲ့လည်း တရားမဝင် အလုပ်ရှာပေးတဲ့ အေဂျင်စီတချို့နဲ့ ပွဲစားလူလိမ်တွေကို အရေးယူးဆောင်ရွက်ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။

