Language:

မြန်မာ-ထိုင်း အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုး


မြန်မာ-ထိုင်း အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး MoU လက်မှတ်ရေးထိုး

၇ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ အာကာသနည်းပညာနဲ့ ပထဝီ သတင်းအချက်အလက်နည်းပညာ (Geo-Informatics) ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်က နှစ်နိုင်ငံအကြား အဆင့်မြင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်တွေကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ အသုံးချသွားဖို့ ရည်ရွယ်ထားပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေထဲမှာ ဂြိုဟ်တုက ရရှိတဲ့ Remote Sensing Data တွေကို အပြန်အလှန်ဖလှယ်အသုံးပြုရေး၊ GIS နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြီးရေလျှံ၊ မြေပြိုမှုနဲ့ မိုးခေါင်မှုလို သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်စောင့်ကြည့် သတိပေးနိုင်မယ့် စနစ်တွေ တိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝအရင်းအမြစ်တွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသက မြစ်ဝှမ်းတွေကို စီမံခန့်ခွဲတာ၊ သစ်တောဖုံးလွှမ်းမှု အခြေအနေကို စောင့်ကြည့်တာ၊ လေထုညစ်ညမ်းမှုနဲ့ တောမီးဖြစ်ပွားမှုတွေကို ဂြိုဟ်တုအချက်အလက် အသုံးပြုပြီး စောင့်ကြည့်နိုင်ရေးအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီလို အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဂြိုဟ်တုအသစ်တည်ဆောက်တာ ဒါမှမဟုတ် အာကာသယာဉ် လွှတ်တင်တာထက်၊ လက်တွေ့အသုံးချလို့ရတဲ့ Earth Observation နည်းပညာတွေကို အဓိကထားတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနည်းပညာတွေကို လယ်ယာစိုက်ပျိုးရေး၊ ရေစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းရေးဆွဲရေးနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးရေး လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံဟာ GISTDA အမျိုးသားအာကာသနဲ့ ပထဝီသတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကတစ်ဆင့် THEOS ဂြိုဟ်တုစီမံကိန်းတွေနဲ့ Remote Sensing၊ GIS နည်းပညာတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံအများအပြားနဲ့လည်း အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ မြန်မာ-ထိုင်း အာကာသနည်းပညာ MoU ရဲ့ စာချုပ်အပြည့်အစုံ၊ အကောင်အထည်ဖော်မယ့် စီမံကိန်းအသေးစိတ်၊ ဘဏ္ဍာရေးအစီအစဉ်နဲ့ တာဝန်ယူဆောင်ရွက်မယ့် အဖွဲ့အစည်းတွေကို နှစ်နိုင်ငံအစိုးရက မထုတ်ပြန်သေးပါဘူး။ ဒါကြောင့် ဂြိုဟ်တုအသစ် တည်ဆောက်တာ ဒါမှမဟုတ် ပူးတွဲဂြိုဟ်တုလွှတ်တင်တာလို အစီအစဉ်တွေ ပါဝင်တယ်ဆိုတာကိုတော့ လက်ရှိအချိန်မှာ အတည်ပြုနိုင်သေးခြင်း မရှိပါဘူး။

#ဂြိုလ်တုနည်းပညာ

#နိုင်ငံတော်ခရီးစဉ်

#သဘာဝဘေး

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin