Language:

ထိုင်း – မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၁၂) ဘီလီအထိရအောင် ဆောင်ရွယ်မယ်


ထိုင်း – မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၁၂) ဘီလီအထိရအောင် ဆောင်ရွယ်မယ်

၆ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကနေ အမေရိကန်ဒေါ် လာ (၁၂)ဘီလီယံအထိ ရရှိစေရေးအတွက် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရေးနဲ့ လွယ်ကူချောမွေ့ရေးတို့ကို ဆောင်ရွက်နိုင်ရန် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အခုလို ထည့်သွင်းကြေညာခဲ့တာပါ။

မြန်မာနဲ့ ထိုင်းတို့အကြား တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ အဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းများရှာဖွေဖို့ သက်ဆိုင်ရာ အာဏာပိုင်များကို တွန်းအားပေးဆောင်ရွက်သွားဖို့ကိုလည်း ဒီကနေ့တွေ့ဆုံမှုမှာ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ဆက်သွယ်ချိတ်ဆက်မှုကို မြှင့်တင်စေမည့် သတ်မှတ်ထားသော နယ်စပ်ဂိတ်မှတဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့ လျင်မြန်စွာဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း မြန်မာသမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်နဲ့ မြေပြင်လုံခြုံရေး အခြေအနေအပေါ် မူတည်၍ ဖွင့်လှစ်ဖို့ ကျန်နေတဲ့ နယ်စပ်ဂိတ်/ ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားရန်လည်း သဘောတူညီ ခဲ့ကြတယ်လို့ အဲဒီပူးတွဲကြေညာချက်ကတဆင့် သိရပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားတဲ့ (၈) ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုချောမွေ့စွာစီးဆင်းနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲများနဲ့ အခြားအခက်အခဲများကို ဖြေရှင်းရန် နှစ်နိုင်ငံခေါင်း ဆောင်များက သဘောတူကြိုဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။

ဆက်လက်ပြီး နှစ်နိုင်ငံပြည်သူတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပိုမိုကောင်းမွန်သည့် လူမှုဘဝ အခြေခံလိုအပ်ချက်များ ရရှိရေးတို့ကို ဖော်ဆောင်ပေးနိုင်ရန် မြန်မာ-ထိုင်းနယ်စပ်တွင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်မည့် ပူးတွဲကတိကဝတ်များကိုလည်း နှစ်နိုင်ငံခေါင်းဆောင်တွေက ပေးခဲ့ကြတယ်လို့ သိရပါတယ်။

#ကုန်သွယ်ရေး

#ကြေငြာချက်

#သမ္မတ

#ဝန်ကြီးချုပ်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin