၅ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားတယ်လို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ UWSA ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ဩဂုတ်လ (၄)ရက်မှာ သမ္မတဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် အခုလို ထည့်သွင်းပြောကြားသွားတာပါ။
ဦးကျောက်ကော်အန်းဦးဆောင်တဲ့ “ဝ” တပ်ဖွဲ့ ကိုယ်စားလှယ်တွေဟာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နေပြည်တော်ကို လာရောက်တာဖြစ်ပြီး ဩဂုတ်လ (၃)ရက်နဲ့ (၄) ရက်နေ့မှာ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ “ဝ” တပ်ဖွဲ့က ပြည်နယ်တောင်းခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပေမယ့် အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီအကြောင်းအရာကို ထည့်သွင်းဖော်ပြတာမတွေ့ရပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ NSPNC ဘက်ကတော့ ” ဝ” တပ်ဖွဲ့ရဲ့ လိုလားချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဆက်လက်ဆောင်ရွက်ဖို့ တုန့်ပြန်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
UWSP ရဲ့ နေပြည်တော် ခရီးစဉ် ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်ပြီး ဒုတိယ အထွေထွေအတွင်းရေးမှူး ချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသနိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင် နဲ့ လားရှိုးဆက်ဆံရေးရုံးတာ ဝန် ခံ ဦးညီရနမ်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

