၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ ၂၃ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ဒေသတွင်းနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာဖို့ တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးရှိတာကြောင့် အနာဂတ်ကို ပြိုင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပုံဖော်သွားကြဖို့ လိုအပ်တယ်လို့ မိုဒီက ပြောပါတယ်။
အစည်းအဝေးမှာ အာဆီယံနိုင်ငံသားတွေအတွက် အိန္ဒိယအခမဲ့ အီး-ဗီဇာပေးရေး၊ ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနည်းပညာနဲ့ အရေးပါတဲ့ တွင်းထွက်သတ္တုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုလည်း မိုဒီက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှာ အာဆီယံကျောင်းသားတွေအတွက် ပညာသင်ဆုတွေ တိုးချဲ့ပေးမယ်လို့လည်း ပြောပါတယ်။
အိန္ဒိယနဲ့ အာဆီယံတို့ရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ယဉ်ကျေးမှုကဏ္ဍတင်မကဘဲ ဒစ်ဂျစ်တယ်နည်းပညာ၊ ကာကွယ်ရေးနဲ့ အာကာသကဏ္ဍတွေအထိ တိုးချဲ့လာနေပြီလို့ မိုဒီက ဆိုပါတယ်။
အခုနှစ်ကိုလည်း အာဆီယံ-အိန္ဒိယ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
မိုဒီက အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဗဟိုအခန်းကဏ္ဍကို အိန္ဒိယက ဆက်လက်ထောက်ခံသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
#အီး-ဗီဇာ

