Language:

ရုရှား ညတွင်းချင်း တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ တံတား ၂ စင်း ထိမှန်


ရုရှား ညတွင်းချင်း တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့ တံတား ၂ စင်း ထိမှန်

၁၇ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

ရုရှားတပ်ဖွဲ့တွေဟာ တနင်္လာနေ့ညက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ဒနီပရိုမြစ်ပေါ်က အဓိကတံတား ၂ စင်း ထိမှန်ခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန်က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး မြို့ရဲ့ နေရာအချို့မှာ ရေ၊ လျှပ်စစ်နဲ့ အပူပေးစနစ်တွေ ပြတ်တောက်ခဲ့ပါတယ်။ ချယ်ကာဆီဒေသမှာလည်း လူ ၃ ဦး ဒဏ်ရာရခဲ့ပြီး ခါကီးဗ်မြို့ကိုပါ ရုရှားက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

တစ်ဖက်မှာ ယူကရိန်းကလည်း ရုရှားနိုင်ငံ မော်စကိုဒေသဘက်ကို ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ မော်စကိုမြို့တော်ဝန်ရဲ့ ပြောကြားချက်အရ ဒရုန်း ၂၀ ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး မော်စကိုဘက် ဦးတည်လာတဲ့ ဒရုန်း ၂၀၀ နီးပါးကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရုရှားနဲ့ ခရိုင်းမီးယားကို ဆက်သွယ်ထားတဲ့ တံတားကို ယူကရိန်းက ဒုတိယနေ့အဖြစ် ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်သွားလာမှု ရပ်ဆိုင်းထားရတယ်လို့ ရုရှားခန့်အပ်ထားတဲ့ ခရိုင်းမီးယားအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စစ်ရေးတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ အမေရိကန်အထူးကိုယ်စားလှယ်တွေနဲ့ ဥရောပကိုယ်စားလှယ်တွေကို အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စစ်ပွဲအဆုံးသတ်ရေးအတွက် တိုးတက်မှုတချို့ရှိပေမဲ့ အရေးကြီးတဲ့ အခက်အခဲတွေ ကျန်ရှိနေသေးတယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်မှုနဲ့ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပွားနေပါတယ်။

#ယူကရိန်း

#ခရိုင်းမီးယား

#အပူပေးစနစ်

#အခြေခံအဆောက်အအုံ

#ရုရှား

ပုံစာ ။ ။ ကိယက်ဗ်မြို့ရှိ ဒနီပရိုမြစ်ပေါ် တံတားတစ်စင်းတွင် ရုရှား ဒရုန်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သောတွင်းကြီးကို ယူကရိန်း ကျွမ်းကျင်သူတစ်ဦး စစ်ဆေးနေစဉ်

ဆက်စပ်သတင်းများ

Eastern Thanlwin