Language:

ယူကရိန်း ဒရုန်း ၁,၃၀၀ ကျော် ရုရှားကို ညတွင်းချင်း တိုက်ခိုက်


ယူကရိန်း ဒရုန်း ၁,၃၀၀ ကျော် ရုရှားကို ညတွင်းချင်း တိုက်ခိုက်

၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

ယူကရိန်းတပ်ဖွဲ့တွေဟာ ညတွင်းချင်း ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်တွေကို ဒရုန်းအမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ဒရုန်း ၁,၃၃၆ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရုရှားဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ပွဲစတင်ခဲ့တဲ့အချိန်ကစပြီး အကြီးစားတိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ရုရှားနဲ့ ခရိုင်းမီးယားဒေသကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ကာ့ချ်တံတားလည်း ထိမှန်ခဲ့ပါတယ်။

မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင်ကတော့ မော်စကိုမြို့ဘက်ကို ဦးတည်လာတဲ့ ဒရုန်း ၆၀၀ ခန့်ရှိခဲ့ပြီး အများစုကို မြို့ပြင်ဒေသတွေမှာ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မော်စကိုမြို့အနီး ရောက်ရှိလာတဲ့ ဒရုန်း ၁၉၁ စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရိုင်းမီးယားဒေသ အုပ်ချုပ်ရေးမှူး ဆာဂေး အက်ဆီယွန်နော့ကလည်း ကာ့ချ်တံတား ထိမှန်ခဲ့တာကို အတည်ပြုခဲ့ပြီး တံတားပေါ်မှာ ယာဉ်အသွားအလာတွေကို မွန်းလွဲပိုင်းအထိ ကန့်သတ်ထားခဲ့ပါတယ်။

အဲဒီတံတားဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ပြီးနောက် တည်ဆောက်ခဲ့တာဖြစ်ပြီး ရုရှားပြည်မကြီးနဲ့ ခရိုင်းမီးယားကို ဆက်သွယ်ပေးထားတဲ့အပြင် ရုရှားစစ်တပ်အတွက်လည်း အရေးပါတဲ့ စစ်ရေးထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ယူကရိန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရုရှားနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းနဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။

တာတာစတန်ဒေသ နစ်ရှ်နကမ်စက်မြို့မှာရှိတဲ့ ရေနံဓာတုစက်ရုံနဲ့ ရေနံချက်စက်ရုံတွေ ထိမှန်ခဲ့ပြီး လူ ၆ ဦး ဒဏ်ရာရရှိခဲ့သလို လူနေအဆောက်အအုံတစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

တက်ဂန်ရော့မြို့မှာတော့ ဓာတ်အားခွဲရုံတစ်ခု ထိမှန်ခဲ့တာကြောင့် ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူဂန်းဒေသမှာလည်း လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ရုရှားဘက်ကလည်း တနင်္ဂနွေနေ့မှာ ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်နဲ့ မီးရထားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ စနေနေ့ညကနေ တနင်္ဂနွေနေ့မနက်အထိ ယူကရိန်းပိုင် ဒရုန်း ၅၃၃ စင်းကို ပစ်ချခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုလို ညတွင်းချင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနဲ့ အဆောက်အအုံပျက်စီးမှု အခြေအနေတွေကိုတော့ လတ်တလောမှာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ရုရှားက ထုတ်ပြန်ထားတဲ့ ဒရုန်းပစ်ချမှု အရေအတွက်တွေကိုလည်း သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုတွေဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ တရုတ်နိုင်ငံ ရှင်ကျန်းဒေသ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ရှိနေတဲ့ ထိပ်သီးအစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့တာပါ။

တရုတ်နိုင်ငံကလည်း အဲဒီအစည်းအဝေးကျင်းပမယ့် အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲဟာ အဲဒီဆွေးနွေးပွဲရဲ့ အဓိကအစီအစဉ်တစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကတော့ ယူကရိန်းနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အင်အားကြီးနိုင်ငံတွေက ယူကရိန်းကိုယ်တိုင် ပါဝင်ခြင်းမရှိဘဲ ဆုံးဖြတ်တာမျိုး မဖြစ်သင့်ဘူးလို့ သတိပေးပြောဆိုထားပါတယ်။

အမေရိကန်ညှိနှိုင်းရေးအဖွဲ့တွေဟာလည်း ပြီးခဲ့တဲ့အပတ်အတွင်း ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

#တရုတ်နိုင်ငံ

#ခရိုင်းမီးယားဒေသ

#အင်အားကြီးနိုင်ငံ

#ဒေါ်နယ်ထရန့်

#ရှီကျင့်ဖျင်

ဆက်စပ်သတင်းများ

Eastern Thanlwin