Language:

ကုန်ကျစရိတ်မြင့်တက်လာမှုကြား Delivery Rider များ ရပ်တည်ရေး ခက်ခဲလာ


ကုန်ကျစရိတ်မြင့်တက်လာမှုကြား Delivery Rider များ ရပ်တည်ရေး ခက်ခဲလာ

၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် လုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များ မြင့်တက်လာသော်လည်း Delivery Rider များ၏ ပို့ဆောင်ခနှင့် လုပ်ခနှုန်းထားများမှာ တိုးမြှင့်လာခြင်းမရှိသည့်အတွက် နေ့စဉ်စားဝတ်နေရေးနှင့် လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးလုပ်ငန်းများတွင် အော်ဒါတစ်ခုချင်းစီအတွက် ရရှိသည့် ပို့ဆောင်ခနည်းပါးနေခြင်းအပြင် ညပိုင်းအလုပ်လုပ်ကိုင်ရာတွင် လုံခြုံရေးဆိုင်ရာ အခက်အခဲများပါ ရှိလာသဖြင့် ရပ်တည်ရေး ပိုမိုခက်ခဲလာကြောင်း Delivery Rider များက အရှေ့သံလွင်ကို ပြောသည်။

“ကုန်ဈေးနှုန်းတွေက မြင့်လာပြီး ကျွန်တော်တို့ရဲ့ ခေါက်ကြေးတွေက မတက်လာတော့ တော်တော်လေး အဆင်မပြေဖြစ်လာတယ်။ တချို့လည်း Delivery မလုပ်တော့ဘဲ တခြားရရာအလုပ်တွေကို ပြောင်းလုပ်လာကြတာမျိုးတွေ ရှိတယ်” ဟု ကမာရွတ်မြို့နယ်အခြေစိုက် Delivery Rider တစ်ဦးက ပြောသည်။

လက်ရှိတွင် ပို့ဆောင်ခနှုန်းထားများ လျော့နည်းလာသည့်အပြင် Incentive နှင့် Promotion များရရှိရန် သတ်မှတ်ထားသည့် အော်ဒါအရေအတွက်များလည်း များပြားလာကြောင်း သိရသည်။ ထို့ကြောင့် Rider များအနေဖြင့် တစ်နေ့လျှင် ၁၀ နာရီမှ ၁၂ နာရီအထိ အလုပ်လုပ်ကိုင်နေရသော်လည်း ရရှိသည့်ဝင်ငွေနှင့် ကုန်ကျစရိတ်များ မမျှတတော့ကြောင်း ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထားသည့် မြို့နယ်များတွင် စက်ဘီးနှင့် E-bike များကိုသာ အသုံးပြု၍ ပို့ဆောင်နေရသည့်အတွက် ဘက်ထရီ၊ တာယာနှင့် အခြားအပိုပစ္စည်းများ ပြုပြင်ထိန်းသိမ်းစရိတ်များကိုလည်း ပိုမိုကုန်ကျနေရကြောင်း သိရသည်။

ညပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လမ်းမီးများ မလင်းသည့် အခြေအနေများ၌လည်း ဝင်ငွေရရှိရန် ဆက်လက်ပို့ဆောင်နေရသဖြင့် လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေကြောင်း Rider များက ပြောသည်။ လုပ်အားနှင့် အချိန်ပေးရမှုအပေါ် ရရှိသည့် ပို့ဆောင်ခမှာ မမျှတတော့သည့်အတွက် အလုပ်ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများ ပိုမိုကြုံတွေ့လာရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင် Delivery ဝန်ဆောင်မှုကို အဓိကထားလုပ်ကိုင်နေသည့် လုပ်ငန်းအချို့မှာလည်း လုပ်ငန်းခွင်အတွက် ယုံကြည်စိတ်ချရသည့် Rider များ ရှာဖွေခန့်ထားရန် ခက်ခဲလာပြီး ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ထို့အပြင် လုပ်ငန်းလည်ပတ်စရိတ်များ မြင့်တက်လာခြင်းကြောင့် ပို့ဆောင်ခနှုန်းထားများကိုလည်း မဖြစ်မနေ တိုးမြှင့်ကောက်ခံနေရကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။

#DeliveryRider

#DeliveryService

#ကုန်ဈေးနှုန်းမြင့်တက်မှု

#ရန်ကုန်မြို့

#ပို့ဆောင်ရေး

ဆက်စပ်သတင်းများ

Eastern Thanlwin