၁၆ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
ကြည်ညို
ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယခုနှစ် ၁၀ လအတွင်း ပြည်တွင်းပြည်ပက ဘုရားဖူးဧည့်သည် စုစုပေါင်း ၅၉ သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြပြီး အဲဒီထဲမှာ နိုင်ငံခြားသားခရီးသွား ၆၄,၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ လာရောက်ဖူးမြော်သူ စုစုပေါင်း ၅,၉၇၀,၂၆၇ ဦးရှိခဲ့တာဖြစ်ပြီး နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ထိုင်း၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အများဆုံးလာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
လအလိုက် ဘုရားဖူးဝင်ရောက်မှုကို ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီနဲ့ ဧပြီလတို့မှာ တစ်လကို ၈ သိန်းကျော်စီနဲ့ အများဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာလမှာ ၇ သိန်းကျော်၊ မတ်လမှာ ၆ သိန်းကျော် လာရောက်ခဲ့ကြပါတယ်။ ဇန်နဝါရီ၊ မေ၊ ဇူလိုင်လတို့မှာ ၅ သိန်းဝန်းကျင်စီရှိခဲ့ပြီး ဇွန်၊ ဩဂုတ်နဲ့ စက်တင်ဘာလတို့မှာတော့ ၄ သိန်းကျော်စီ လာရောက်ဖူးမြော်ခဲ့ကြတယ်လို့ သိရပါတယ်။
လာရောက်ဖူးမြော်သူတွေထဲမှာ သံဃာတော် ၁၀၁,၄၄၃ ပါး၊ သီလရှင် ၅၄,၂၂၀ ပါး၊ ပြည်တွင်းဘုရားဖူး အမျိုးသား ၂၆ သိန်းကျော်နဲ့ အမျိုးသမီး ၃၁ သိန်းကျော် ပါဝင်ပါတယ်။ ပုံမှန်ကြားရက်တွေမှာတောင် တစ်ရက်ကို ဘုရားဖူး ၁၀,၀၀၀ ကျော် လာရောက်လေ့ရှိပြီး အခါကြီးရက်ကြီးတွေနဲ့ ရုံးပိတ်ရက်တွေမှာ ပိုမိုများပြားလေ့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်းမှာလည်း ရွှေတိဂုံစေတီတော်ကို ဘုရားဖူးဧည့်သည် စုစုပေါင်း ၆၉ သိန်းကျော် လာရောက်ခဲ့ကြပါတယ်။ အခုနှစ်မှာတော့ ၁၀ လအတွင်း နိုင်ငံခြားသားခရီးသွား ၆၄,၆၀၃ ဦးအထိ ရှိလာတာကြောင့် နှစ်ကုန်ပိုင်းမှာ ယခင်နှစ်ထက် ပိုမိုများပြားလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူတွေ အဆင်ပြေစွာ လာရောက်ဖူးမြော်နိုင်ဖို့အတွက် နံနက် ၄ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။

