၁၅ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတွင်းတွေကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်အတွင်း ရေညစ်ညမ်းမှု ဖြစ်ပွားနေတဲ့ကိစ္စကို ထိုင်းအစိုးရက တရုတ်နိုင်ငံနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ထိုင်းပြည်ထဲရေး ဒုတိယဝန်ကြီး ဂျေဆက် ထိုင်းဆက်က နိုဝင်ဘာ ၁၄ ရက်မှာ မြန်မာနယ်စပ် မယ်ဖာလွမ်ဒေသကို သွားရောက်စစ်ဆေးခဲ့ပြီး သတ္တုတွင်းလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေတာကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်ဆေးမှုအတွင်း ရှမ်းပြည်နယ်ဘက်က ဒေါ်ကိုဝမ်နဲ့ မုန်ဂန်တောင်တွေမှာ မြေကွက်သစ် ၁၀ နေရာထက်မနည်း ရှင်းလင်းထားတာကို တွေ့ရှိခဲ့ပြီး အဲဒီသတ္တုတွင်းတွေက စိုင်းမြစ်ထဲ စီးဝင်တဲ့ ချောင်းတွေအနီးမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဒေသတွင်းမှာ လိုင်စင်ရ သတ္တုတူးဖော်ရေးကုမ္ပဏီ ၂၀ ခုရှိပြီး ရွှေ၊ မန်းဂနိစ်နဲ့ ခဲအပါအဝင် သတ္တုအမျိုးမျိုး တူးဖော်နေကြတယ်လို့ သိရပါတယ်။ တူးဖော်ရရှိတဲ့ သတ္တုတွေကိုလည်း ထိုင်းနယ်စပ်ဂိတ်တွေကတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့နေတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းအစိုးရဟာ သတ္တုတင်သွင်းမှုနဲ့ ဓာတုပစ္စည်းတင်ပို့မှုတွေကို စစ်ဆေးဖို့ စီစဉ်နေသလို တရုတ်နဲ့ မြန်မာအာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ မယ်ဆိုင်မြို့က သောက်သုံးရေအရည်အသွေးကို ပုံမှန်စစ်ဆေးနေပြီး ရေထဲမှာ အာဆင်းနစ်နဲ့ အခြားညစ်ညမ်းပစ္စည်းတွေ ပါဝင်မှုကို မိနစ် ၃၀ တိုင်း စောင့်ကြည့်နေတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် ကော့နဲ့ မဲခေါင်မြစ်တွေမှာ ဖမ်းယူရရှိတဲ့ ငါးအချို့မှာလည်း အဆိပ်သတ္တုပမာဏ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရှိထားတယ်လို့ သိရပါတယ်။

