၁၄ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
IM
အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတို့က ခေါင်းဆောင်လေးဦးဟာ လာမယ့် အင်္ဂါနေ့မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။
ဒီတွေ့ဆုံမှုဟာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကွဒ် (QUAD) ခေါင်းဆောင်တွေ ပြန်လည်တွေ့ဆုံတဲ့ ထိပ်သီးအစည်းအဝေးလည်း ဖြစ်ပါတယ်။ အစည်းအဝေးကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့အတူ ကျင်းပသွားမှာပါ။
တွေ့ဆုံပွဲမှာ အရေးပါတဲ့ သတ္တုတွေနဲ့ စွမ်းအင်ထောက်ပံ့မှု လုံခြုံရေး၊ နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောတွေ လွတ်လပ်စွာ သွားလာနိုင်ရေးနဲ့ သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။
ကွဒ်အဖွဲ့မှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာတာကို ထိန်းညှိနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေကတော့ ဘယ်နိုင်ငံကိုမှ ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကာအိချိနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီဆီတို့လည်း အာဆီယံနဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ မနီလာမြို့ကို ရောက်ရှိနေကြမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အင်္ဂါနေ့ ညနေပိုင်းမှာ မနီလာမြို့ကို ရောက်ရှိမှာဖြစ်ပြီး အဲဒီနောက် ကွဒ်အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒါပေမဲ့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရတွေက တရားဝင် အတည်ပြုထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

