၁၄ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)
ကြည်ညို
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပစ်ကပ်နဲ့ လိုက်ထရပ်ယာဉ်တွေရဲ့ နောက်ခန်းမှာ ခရီးသည်တွေကို တင်ဆောင် မောင်းနှင်တာကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး အသက်ဆုံးရှုံးမှုတွေ ရှိလာတဲ့အတွက် အဲဒီလို မပြုလုပ်ကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။
ပစ်ကပ်နဲ့ လိုက်ထရပ်ယာဉ်တွေဟာ ကုန်ပစ္စည်းသယ်ယူဖို့သာ ထုတ်လုပ်ထားတာဖြစ်ပြီး နောက်ခန်းမှာ ခရီးသည်တွေအတွက် ထိုင်ခုံ၊ ထိုင်ခုံခါးပတ်နဲ့ လေအိတ်လို ဘေးကင်းရေးပစ္စည်းတွေ မပါရှိတာကြောင့် ယာဉ်တိုက်မှု ဒါမှမဟုတ် တိမ်းမှောက်မှုဖြစ်တဲ့အခါ နောက်ခန်းမှာ လိုက်ပါသူတွေ ယာဉ်ပေါ်ကနေ လွင့်စင်ကျပြီး ပြင်းထန်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ယခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ အမြန်လမ်းပေါ်မှာ ပစ်ကပ်နဲ့ လိုက်ထရပ်ယာဉ် မတော်တဆမှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ထုတ်ပြန်ချက်ထားပါတယ်။
ဒါကြောင့် ယာဉ်မောင်းတွေအနေနဲ့ အမြန်လမ်းပေါ်မှာ မောင်းနှင်တဲ့အခါ ယာဉ်နောက်ခန်းမှာ လူတင်ဆောင်တာမျိုး မလုပ်ဘဲ ကုန်ပစ္စည်းတွေကိုသာ သယ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပစ်ကပ်၊ လိုက်ထရပ်နဲ့ လော်ရီကားတွေကို တစ်နာရီ ကီလိုမီတာ ၆၀ အောက်သာ မောင်းနှင်ဖို့၊ လမ်းဘေးမြေသားပေါ်မှာသာ ရပ်နားဖို့၊ ညဘက်ရပ်နားတဲ့အခါ အချက်ပြမီးဖွင့်ထားဖို့နဲ့ ခရီးမထွက်ခင် ယာဉ်ကြံ့ခိုင်မှုနဲ့ တာယာအခြေအနေတွေကို ကြိုတင်စစ်ဆေးကြဖို့လည်း သတိပေးထားပါတယ်။

