Language:

တာချီလိတ် အ.ထ.က ကျောင်းမှာ နေ့လယ်စာ ထမင်းစားချိန် ကျောင်းသူ/သားများ အိမ်ပြန်ထမင်းမစားဖို့ စည်းကမ်းချမှတ်


တာချီလိတ် အ.ထ.က ကျောင်းမှာ နေ့လယ်စာ ထမင်းစားချိန် ကျောင်းသူ/သားများ အိမ်ပြန်ထမင်းမစားဖို့ စည်းကမ်းချမှတ်

၁၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) တာချီလိတ်မှာ နေ့လယ်ထမင်းစားချိန် ကျောင်းသူ/ သားများ ကျောင်းအပြင်ထွက်ပြီး အိမ်ပြန်ထမင်းမစားကြဖို့ နိုဝင်ဘာ (၁၀) ရက်ကနေ စတင် စည်းကမ်းသတ်မှတ်လိုက်တယ်လို့ ကျောင်းရှိ ဆရာ/ဆရာမတွေထံက သိရပါတယ်။

“နေ့လယ်စာကို ကျောင်းကို တစ်ခါတည်း ယူလာခိုင်းတာပါ။ အပြင်ပေးမထွက်ဘူးဆိုတာက ကလေးတွေကို အိမ်ပြန်ပြီး ထမင်းစားခွင့် မပေးတာပါ။ ထမင်းစား ပြန်တဲ့အချိန် ကလေးတွေက အပြင်လျောက်သွားနေကြလို့ စည်းကမ်းကို ပြန်သတ်မှတ်ထားတာပါ။” လို့ အ.ထ.က တာချီလိတ်ကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

ထိုသို့ ကန့်သတ်ရခြင်းမှာ နေ့လယ်ကျောင်းဆင်းချိန် ကျောင်းအပြင်ထွက်ကာ လျောက်သွားနေတာ၊ ကွန်ပျူတာဆိုင်တွေမှာ ဂိမ်းဆော့တာနဲ့ ကထော့‌ခေါ် (ဘီးစာရွက်ပြုတ်ရည်) သွားသောက်နေကြလို့ ကလေးတွေကို အပြင်ပေး မထွက်တော့တာဖြစ်နိုင်တယ်လို့ ကျောင်းသားမိဘတွေက သုံးသပ်ပြောဆိုထားပါတယ်။

“အဲဒီလိုလုပ်လိုက်တာ ကောင်းတယ်။ ကလေးတွေအတွက်လည်း စိတ်ချရတာပေါ့။ အန်တီတို့က ကလေးကို ကျောင်းသွားတယ်ဆိုတာပဲ သိတာ။ ဂိမ်းဆိုင်တွေသွားတယ်။ ကထော့ဆိုင်သွားတယ်ဆိုရင် အန်တီတို့လည်း သိမှာ မဟုတ်ဘူး။”လို့ ကျောင်းသား မိဘတစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။

တာချီလိတ်မြို့ရှိ ကျောင်းများမှာ ပညာသင်ကြားနေကြတဲ့ အတန်းကြီး ကျောင်းသား၊ ကျောင်းသူအချို့က နေ့လယ်ထမင်းစားချိန်မှာ ကျောင်းပြင်ပကို ထွက်ကာ ဆိုင်ကယ်ပတ်စီးခြင်း၊ ချစ်သူရည်းစားများနဲ့ ချိန်းတွေ့ခြင်း၊ ကွန်ပျူတာဆိုင်များမှာ ဂိမ်းဆော့ခြင်း၊ ကထော့‌ခေါ် (ဘီးစာရွက်ပြုတ်ရည် ) သွားရောက် သောက်စားတာတွေလည်း ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကျောင်းမှာ အတန်းအလိုက် နေ့လယ်စာ ထမင်းစားချိန်ကို အချိန်ခွဲခြားသတ်မှတ်ပေးထားပြီး အငယ်တန်း (၄) တန်းမှ ကျောင်းသား၊ ကျောင်းသူများကို နံနက် (၁၁) နာရီ (၄၅) မိနစ်မှာ ထမင်းစားနားကျောင်းဆင်းချိန်ပေးပြီး နေလည် (၁၂) နာရီခွဲမှာ ကျောင်းတက်ပြီး နေ့လယ်ထမင်းစားနားချိန် (၄၅) မိနစ် အချိန်ပေးထားတာပါ။

#တာချီလိတ်

#နေ့လယ်စာ

#ထမင်းစားချိန်

#ကျောင်းသူ/သား

#အိမ်ပြန်ထမင်းမစား

#စည်းကမ်းချမှတ်

ဆက်စပ်သတင်းများ

Eastern Thanlwin