Language:

CNG Taxi တွေ CNG ယာဉ်အဖြစ် ခွဲခြားနိုင်ဖို့ စည်းကမ်းသတ်မှတ်


CNG Taxi တွေ CNG ယာဉ်အဖြစ် ခွဲခြားနိုင်ဖို့ စည်းကမ်းသတ်မှတ်

၁၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်မြို့မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာလို့ တက္ကစီခတွေပါ လိုက်လံမြင့်တက်နေတဲ့အချိန် CNG ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုခွင့်ရနေတဲ့ CNG Taxi တွေကိုလည်း စည်းကမ်းတင်းကျပ်သွားတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTC)ထံက သိရပါတယ်။

CNG အသုံးပြုတဲ့ တက္ကစီတွေဟာ အခြားစက်သုံးဆီသုံး တက္ကစီတွေနဲ့ တူညီတဲ့ နှုန်းထားအတိုင်း ယာဉ်စီးခ မတောင်းခံဖို့နဲ့ ခရီးသည်တွေဘက်က CNG Taxi ဖြစ်ကြောင်း အလွယ်တကူ ခွဲခြားသိရှိနိုင်ဖို့အတွက် အခုလို စည်းကမ်းတွေ သတ်မှတ်လိုက်တာလို့ YRTC ထံက သိရပါတယ်။

သတ်မှတ်ချက်အရ CNG Taxi တွေအနေနဲ့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) မှာ အသင်းဝင်ရမှာဖြစ်ပြီး ယာဉ်ရဲ့ ရှေ့နဲ့နောက် လေကာမှန်တွေမှာလည်း အဝါရောင် CNG TAXI စတစ်ကာတွေ မဖြစ်မနေ ကပ်ထားရမှာ ဖြစ်ပါတယ်။

ယခုသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတဲ့ တက္ကစီတွေကိုတော့ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိုဝင်ဘာ ၁၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားထားပါတယ်။

လက်ရှိမှာ စက်သုံးဆီဈေးနှုန်းတွေနဲ့အတူ တက္ကစီခတွေပါ မြင့်တက်လာလို့ ခရီးသည်တွေအတွက် သွားလာရေး စရိတ် ပိုမိုကုန်ကျလာတဲ့ အခြေအနေမှာ ဈေးနှုန်းသက်သာတဲ့ CNG ကို အသုံးပြုနေတဲ့ တက္ကစီတွေကို သီးခြားသတ်မှတ်ပြီး စည်းကမ်းနဲ့အညီ ပြေးဆွဲစေဖို့ YRTC ရဲ့ ယခုအစီအစဉ်က ခရီးသည်တွေအပေါ် အကျိုးသက်ရောက်မှုရှိဖို့ မျှော်လင့်နေကြပါတယ်။

#CNGယာဉ်

#တက္ကစီ

#စက်သုံးဆီဈေးနှုန်း

#ဓာတ်ငွေ့ဝယ်ယူခွင့်

ဆက်စပ်သတင်းများ

Eastern Thanlwin