Language:

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးလျက်ရှိ


အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးလျက်ရှိ

၁၀ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

စစ်ဆေးရေးဂိတ်တွေမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်၊ ထွက်ခွာတာကို တွေ့ရှိရတဲ့အတွက် ဖမ်းဆီးအရေးယူပြီး ပြည်နှစ်ဒဏ်ပေးနေပါတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ပြောဆိုချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုဗ္ဗသီရိမဲဆန္ဒနယ်က ဦးလှဆွေရဲ့ ရန်ကုန်-မန္တလေး-တောင်ကြီး-မော်လမြိုင် အပါအဝင် တစ်နိုင်ငံလုံးရှိ တရားမဝင် နိုင်ငံခြားသားတွေကို စစ်ဆေးဖို့နဲ့ မူရင်းနိုင်ငံကို ပြန်ပို့ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာပါ။

ပြည်ဝင်ဗီဇာအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းတာ၊ တရားမဝင် ဝင်ရောက် လာသူတွေကို အရေးယူတာတွေကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်) အက်ဥပဒေနဲ့ ၁၉၅၁ ခုနှစ် မြန်မာနိုင် ငံလူဝင်မှုကြီးကြပ်ရေး(ချုပ်နှောင်ခြင်း)နည်းဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေက ပူပေါင်းစစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ်မှာ ၄ ဂိတ်၊ ကယားပြည်နယ်မှာ ၂ ဂိတ်၊ ကရင်ပြည်နယ်မှာ ၇ ဂိတ်၊ မွန်ပြည်နယ်မှာ ၁ ဂိတ်၊ ရှမ်းပြည်နယ်မှာ ၁၆ ဂိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁ ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၁ ဂိတ်၊ ပဲခူးတိုင်းဒေသကြီးမှာ ၁ ဂိတ်၊ မန္တလေး တိုင်းဒေသကြီးမှာ ၁ ဂိတ်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၄ ဂိတ်၊ စုစုပေါင်း ၃၈ ဂိတ်မှာ စစ်ဆေးကြပ်မတ်နေတယ်လို့ ဆိုပါတယ်။

“ ခိုးဝင် နိုင်ငံခြားသားတွေ အုပ်စုလိုက်သွားလာတာကို မတွေ့ရဘဲ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ နိုင်ငံခြားသားတွေကို စိစစ်တွေ့ရတဲ့အတွက် ဖမ်းဆီးအရေးယူပြီး ပြည်နှင်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ” လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှာလည်း စနစ်တကျ စစ်ဆေးနေပြီး စနစ်တကျ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဆောင်ရွက်တာမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကာလအတွင်း ဖမ်းဆီးအရေးယူပြည်နှင်ခဲ့တဲ့ နိုင်ငံခြားသား ၃၅၄၅ ဦး ရှိပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလထိ တရားဝင်ဗီဇာနဲ့ ဝင်ရောက်လာပေမယ့် ဗီဇာစည်းကမ်းဖောက်ဖျက်တာနဲ့ တရားမဝင်ခိုးဝင်တာတွေကို တရားစွဲဆို ပြစ်ဒဏ်ချခဲ့ပြီး ပြစ်ဒဏ်စေ့လို့ ပြည်နှင်ခဲ့တဲ့ နိုင်ငံခြားသား ၄၄၀၆ ဦး၊ ပြစ်ဒဏ်ကျခံဆဲ နိုင်ငံခြားသား ၂၅၃၃ ဦး ရှိပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ သက်ဆိုင်ရာသံရုံးတွေကတစ်ဆင့် ကူညီပေးဖို့ မေတ္တာရပ်ခံလာတာနဲ့ တခြားပြစ်မှုတွေ ကျုးလွန်တာမရှိတဲ့အတွက် တရားမစွဲဘဲ ပြည်နှင်ခဲ့တဲ့ နိုင်ငံခြားသား ၇၃၀၈၅ ဦးရှိလို့ သိရပါတယ်။

“ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလထိ ဗီဇာစည်းကမ်းဖောက်ဖျက်သူ ၁၀၇၁ ဦးကို ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူခဲ့ပါတယ်။” လို့ ဦးလင်းဇော်ထွန်းက ပြောပါတယ်။

တရားဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံခြားသားရောက်ရှိတဲ့ အစီရင်ခံစာ Form C နဲ့ အွန်လိုင်းက E Form C တိုင်ကြားတာရှိ မရှိ စစ်ဆေးတာ၊ နိုင်ငံခြားသားပြည်တွင်းနေထိုင်ခွင့်သက်တမ်းနဲ့ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း တိုးတာတွေကို မြေပြင်မှာ အမှန်တကယ်နေထိုင်ခြင်း ရှိ မရှိ စစ်ဆေးနေသလို ရှောင်တခင် ဧည့်စာရင်းစစ်တာ၊ PSMS စနစ် နဲ့ စစ်ဆေးတာတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

#အွန်လိုင်းလိမ်လည်မှု

#SCAMMER

#နိုင်ငံခြားသား

#ပြည်နှင်ဒဏ်

ဆက်စပ်သတင်းများ

Eastern Thanlwin