Language:

မယ်ဆိုင်မြို့ မှာ လူငယ်တစ်စုက ထိုးကြိတ်ခဲ့လို့ ခရီးသွား ၂ ဦး ဒဏ်ရာရပြီး သတိလစ်မေ့မျော


မယ်ဆိုင်မြို့ မှာ လူငယ်တစ်စုက ထိုးကြိတ်ခဲ့လို့ ခရီးသွား ၂ ဦး ဒဏ်ရာရပြီး သတိလစ်မေ့မျော

၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဝီယန်းဖန်ခမ်း (Wiang Phang Kham) ရပ်ကွက်မှာ နိုဝင်ဘာ (၇) ရက်၊ ညဉ့်နက်ပိုင်းမှာ လူငယ်တစ်စုက ခရီးသွား အမျိုးသား (၂) ဦးကို နှစ်ကြိမ်တိုင် အုပ်စုဖွဲ့ ထိုးကြိတ်ခဲ့ပြီး သတိလစ်မေ့မျောတဲ့အထိ ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတို့ထံက သိရပါတယ်။

ဖြစ်စဉ်မှာ ဝီယန်းဖန်ခမ်းရပ်ကွက်ရှိ ဖျော်ဖြေရေးကလပ်တစ်ခုမှ ဆိုင်ပိတ်ချိန် ပြန်လာတဲ့ ခရီးသွား ၂ ဦးကို အပြင်ဘက်မှာ စောင့်နေတဲ့ လူငယ် (၃) ဦးက ရုတ်တရက်ပြေးဝင်လာကာ ထိုးကြိတ်ခဲ့ရာ ပါးစပ်နဲ့ နှာခေါင်းတို့မှာ သွေးထွက်ဒဏ်ရာများ ရခဲ့တာပါ။

ထိုသို့ ဖြစ်ပွားမှုကို ကလပ်လုံခြုံရေးဝန်ထမ်းတွေနဲ့ အနီးဝန်းကျင်ရှိ ပြည်သူများက ဝင်ရောက်တားဆီးခဲ့ပြီး ဒဏ်ရာရရှိသူ (၂) ဦးကို ကလပ်အတွင်းသို့ ပြန်လည်ခေါ်ဆောင်ကာ လူမှုကူညီရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့တာလို့ သိရပါတယ်။

ကျူးလွန်ခံရသူတွေရဲ့ ပြောဆိုချက်အရ ၎င်းတို့သည် ပြစ်မှုကျူးလွန်သူများနဲ့ ကလပ်အတွင်းမှာလည်း စကားများရန်ဖြစ်ခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်း မရှိသလို၊ ယခင်က သိကျွမ်းခြင်း မရှိ၊ ရန်ငြိုးရန်စလည်း မရှိခဲ့ဘူးလို့ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒဏ်ရာရသူ (၂) ဦးကို ကယ်ဆယ်ရေးယာဉ်ပေါ်သို့ တင်ဆောင်ရန် ပြင်ဆင်နေစဉ် အဆိုပါ လူငယ်အုပ်စုက ထပ်မံပြေးဝင်လာကာ ဒုတိယအကြိမ် ဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ နေရာမှာပင် သတိလစ်မေ့မျောသွားခဲ့ပြီး နှုတ်ခမ်းကွဲဒဏ်ရာနှင့် ဖူးရောင်ဒဏ်ရာများရခဲ့ပါတယ်။

လက်ရှိမှာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မယ်ဆိုင်ရဲစခန်းမှာ တရားဝင်အမှုဖွင့်တိုင်ကြားထားပြီး CCTV မှတ်တမ်းများကို အမြန်ဆုံး စစ်ဆေးကာ ကျူးလွန်သူ လူငယ်အုပ်စုကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#မယ်ဆိုင်မြို့

#ထိုးကြိတ်

#ခရီးသွား၂ဦး

#သတိလစ်မေ့မျော

ဆက်စပ်သတင်းများ

Eastern Thanlwin