၁၀ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှာ ဘုရားပွဲဈေး ဖွင့်လှစ်ထားတာကြောင့် အဓိက ကားလမ်းတစ်ခုရဲ့ (၃) လမ်းသွားအနက် (၂)လမ်းကို ပိတ်ထားရပြီး ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေတယ်လို့ ယာဉ်မောင်းတွေနဲ့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။
အဆိုပါ လမ်းပိုင်းမှာ ကားလမ်း (၃)လမ်းအနက် (၂)လမ်းကို ပွဲဈေးအတွက် အသုံးပြုထားတာကြောင့် ကျန် (၁) လမ်းတည်းကနေ ယာဉ်တွေ ဖြတ်သန်းသွားလာနေရပြီး အထူးသဖြင့် ရုံးဆင်းချိန်တွေမှာ ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတာလို့ ဆိုပါတယ်။
ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ ပုံမှန်အားဖြင့် အချိန်တိုအတွင်း ဖြတ်သန်းနိုင်တဲ့ လမ်းပိုင်းမှာ ယခုအခါ တစ်မိုင်မပြည့်တဲ့ ခရီးအကွာအဝေးကိုတောင် တစ်နာရီကျော်ကြာအောင် သွားလာနေရတဲ့အခြေအနေ ဖြစ်ပေါ်နေပါတယ်။
ဒီလို ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အလုပ်ဆင်းချိန်နောက်ကျတာ၊ အိမ်ပြန်ခရီးကြန့်ကြာတာတွေအပြင် ယာဉ်တွေ အချိန်ကြာမြင့်စွာ ရပ်တန့်စောင့်ဆိုင်းနေရတာကြောင့် လောင်စာဆီပိုမိုကုန်ကျမှုတွေလည်း ရှိလာနိုင်တယ်လို့ ယာဉ်အသုံးပြုသူတွေက ထောက်ပြကြပါတယ်။
အထူးသဖြင့် ယာဉ်ကြောကျပ်တည်းလေ့ရှိတဲ့ လမ်းဆုံနဲ့ အဓိကကားလမ်းတွေမှာ ပွဲဈေးကျင်းပခွင့်ပြုရာ၌ ယာဉ်သွားလာမှုအတွက် ကြိုတင်စီမံပေးဖို့ လိုအပ်နေပြီး လမ်းပိတ်ဆို့မှု လျော့နည်းစေမယ့် ယာဉ်ကြောထိန်းချုပ်ရေးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ လမ်းအသုံးပြုသူတွေက လိုလားနေကြပါတယ်။

