၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
အီရန်နိုင်ငံက အမေရိကန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် တင်ပြထားသည့် နှစ်ရက်တာ အစီအစဉ်သည် လက်ရှိဆွေးနွေးပွဲများအတွင်း အသင့်တော်ဆုံး အဆိုပြုချက်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါအီက နိုဝင်ဘာ ၉ ရက်တွင် ပြောသည်။
အဆိုပါအစီအစဉ်အရ အမေရိကန်သည် ပထမနေ့တွင် အီရန်၏ တောင်းဆိုချက်များကို လိုက်နာရမည်ဖြစ်ပြီး ဒုတိယနေ့တွင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်သည်။
အီရန်၏ တောင်းဆိုချက်များတွင် စစ်ပွဲကို နေရာအားလုံး၌ ရပ်တန့်ရန်၊ အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှု ရုပ်သိမ်းရန်နှင့် ပြည်ပတွင် အေးခဲထားသည့် အီရန်ပိုင်ဆိုင်မှုများ ပြန်လည်လွှတ်ပေးရန်တို့ ပါဝင်သည်။
ယခင်က ဟော်မုဇ်ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးရန် အဆိုပြုခဲ့သော်လည်း ယခုအခါ နှစ်ရက်အတွင်း ဆောင်ရွက်နိုင်ရန် လျှော့ချထားခြင်းဖြစ်ကြောင်း ဘာဂါအီက ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗာစ် အာရက်ချီကလည်း အမေရိကန်အနေဖြင့် အဆိုပြုချက်ကို ပယ်ချပြီး တိုက်ခိုက်မှုများ ပြန်လည်စတင်ပါက ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ဆွေးနွေးမှုများ တိုးတက်လာပါက အီရန်ကို ထပ်မံတိုက်ခိုက်ရန် မလိုအပ်နိုင်ကြောင်း ပြောထားသည်။ လက်ရှိတွင် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့ထားပြီး နောက်ထပ်လုပ်ဆောင်မည့် အဆင့်သည် ဝါရှင်တန်၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေကြောင်း အီရန်ဘက်က ပြောဆိုထားသည်။

