Language:

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်မှ ဆိုင်ကယ်ခိုးယူသူ ၂ ဦးကို ဖမ်းဆီးရမိ


တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်မှ ဆိုင်ကယ်ခိုးယူသူ ၂ ဦးကို ဖမ်းဆီးရမိ

၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းရှေ့ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်းကနေ ဆိုင်ကယ် (၂) စီး ခိုးယူလာတဲ့ အမျိုးသား (၂) ဦးကို ခိုးရာပါ ဆိုင်ကယ် (၂)စီးနဲ့ အတူ ယနေ့ နိုဝင်ဘာ (၉) ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်ခရိုင်မှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖြစ်စဥ်မှာ နိုဝင်ဘာ (၉) ရက်၊ နံနက် (၁၁) နာရီကျော်အချိန်ခန့်က တာချီလိတ်ခရိုင်မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့က ခိုးမှုများနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး လှည့်ကင်းဆောင်ရွက်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(၅)လမ်းပေါ်မှာ နံပါတ်ပြားမပါဘဲ မောင်းနှင်လာတဲ့ အမျိုးသား ၂ ဦးကို မသင်္ကာဖွယ်တွေ့ရှိခဲ့လို့ ခေါ်ယူစစ်ဆေးခဲ့တာပါ။

စစ်ဆေးခံရသူတွေမှာ ယခင်ခိုးမှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ဖူးသူ သက်ခိုင်ဦး (ခ) ရေခဲနှင့် ခန့်ဇော်လင်း (ခ) ဝတုတ်တို့ဖြစ်ပြီး ၎င်းတို့မောင်းနှင်လာတဲ့ ဆိုင်ကယ်များမှာ HONDA Click 150 အမျိုးအစား ခဲ/နီ/နက်ရောင်ဆိုင်ကယ်နှင့် HONDA Wave I 125 အမျိုးအစား ဖြူ/နက်ရောင်ဆိုင်ကယ်တို့ဖြစ်ကြောင်း သိရပါတယ်။

၎င်း အမျိုးသား(၂)ဦးကို သက်သေများရှေ့မှာ စစ်ဆေးမေးမြန်းရာ နိုဝင်ဘာ (၅) ရက် နံနက် (၃) နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တောကော့တွင်းဘုန်းကြီးကျောင်းလမ်းရှိ အိမ်အမှတ် (တကတ-၃၁၃) နေအိမ်ခြံဝန်းအတွင်းမှ အဆိုပါ ဆိုင်ကယ် (၂) စီးကို ခိုးယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

၎င်းတို့ နှစ်ဦးက အဆိုပါ နေအိမ်ခြံဝန်း တံခါးသော့ကို သံဖြတ်ကတ်ကြေး (ကတ်တာ)နဲ့ ဖြတ်ဖွင့်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်ရှေ့ဝင်အောက်မှာ ရပ်ထားတဲ့ ဆိုင်ကယ် (၂) စီးရဲ့ သော့တွေကို ဖျက်ကာ ခိုးယူခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။

လက်ရှိမှာ ခိုးယူထားတဲ့ ဆိုင်ကယ် (၂) စီးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူ (၂)ဦးကို ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူထားပါတယ်။

#တာချီလိတ်

#ဝိန်းကျောက်ရပ်ကွက်

#ဆိုင်ကယ်ခိုးယူမှု

#၂ဦးဖမ်းဆီးရမိ

ဆက်စပ်သတင်းများ

Eastern Thanlwin