Language:

ကတ္တရာအခက်အခဲကြောင့် တာချီလိတ်က ပျက်စီးနေတဲ့ ဖန်မင်-မိုင်းဖုန်းလမ်းပိုင်း မခင်းနိုင်သေး


ကတ္တရာအခက်အခဲကြောင့် တာချီလိတ်က ပျက်စီးနေတဲ့ ဖန်မင်-မိုင်းဖုန်းလမ်းပိုင်း မခင်းနိုင်သေး

၈ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

တာချီလိတ်မြို့နယ်အတွင်းရှိ ဖန်မင်ကျေးရွာ (မယ်ယန်း) လမ်းခွဲမှ လွယ်ယွန်းခမ်းဘုရားအနီးအထိ ပျက်စီးနေတဲ့ လမ်းပိုင်းနဲ့ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းက လမ်းတွေကို ပြုပြင်ဖို့အတွက် ကတ္တရာဝယ်ယူရာမှာ အခက်အခဲဖြစ်နေတာကြောင့် လမ်းခင်းနိုင်ခြင်း မရှိသေးဘူးလို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

အဆိုပါ ပျက်စီးနေတဲ့ လမ်းပိုင်းကို နိုဝင်ဘာလကနေ လာမယ့်နှစ် မတ်လအထိ (၅) လအတွင်း ကတ္တရာခင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်သွားမယ်လို့ မြန်မာဧရာမွန်ကုမ္ပဏီက ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အရှေ့သံလွင်သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပေမဲ့ ယနေ့အထိ လမ်းသားပြုပြင်ခြင်းနဲ့ လမ်းခင်းခြင်းလုပ်ငန်းတွေ စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

“လမ်းမခင်းသေးဘူးလေ၊ မြင်တယ်မလား။ ဒီနှစ်က ကတ္တရာမရသေးလို့ ကတ္တရာမှာနေတာ။ ကတ္တရာရမှ ကတ္တရာခင်းလို့ရတာပါလို့” မြန်မာဧရာမွန်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်ဟာ ပျက်စီးနေတဲ့ အဆိုပါလမ်းပိုင်းကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်လမ်းဦးစီးဌာနမှ ဦးသူရအောင်နဲ့ မြန်မာဧရာမွန်ကုမ္ပဏီအဖွဲ့တို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ပျက်စီးနေတဲ့ လမ်းပိုင်းကို ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း (၅) လအတွင်း အပြီးသတ်ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။

တာချီလိတ်ခရိုင်လမ်းဦးစီးဌာနဘက်ကလည်း အဆိုပါကုမ္ပဏီကို အစည်းအဝေးခေါ်ယူပြီး ညွှန်ကြားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေရဲ့ သွားလာရေး အဆင်ပြေစေဖို့ ဒီတစ်ပတ်အတွင်း ကျောက်ချောလမ်းခင်းပေးဖို့ မှာကြားထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဖန်မင်ကျေးရွာ (မယ်ယန်း) လမ်းခွဲကနေ လွယ်ယွန်းခမ်းဘုရားအနီးအထိရှိတဲ့ လမ်းပိုင်းဟာ မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ကုန်တင်ကားကြီးတွေ သွားလာမှုများပြားတာကြောင့် ပျက်စီးနေခဲ့တာ သုံးနှစ်ခန့်ရှိပြီဖြစ်ပါတယ်။

လမ်းပျက်စီးမှုကြောင့် အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေနဲ့ ယာဉ်သွားလာသူတွေဟာ သွားလာရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#တာချီလိတ်

#မိုင်းဖုန်း

#ဖန်မင်

#လမ်းပျက်စီးမှု

#ဒေသခံပြည်သူများ

ဆက်စပ်သတင်းများ

Eastern Thanlwin