Language:

ပြည်ပဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်မလွှဲသူတွေ နေရပ်ပြန်ပါက ပြည်ပထွက်ခွာခွင့် ၃ နှစ် ပိတ်မယ်လို့ သတင်းများထွက်ပေါ်


ပြည်ပဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်မလွှဲသူတွေ နေရပ်ပြန်ပါက ပြည်ပထွက်ခွာခွင့် ၃ နှစ် ပိတ်မယ်လို့ သတင်းများထွက်ပေါ်

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ သတ်မှတ်ထားတဲ့ လစာဝင်ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းကနေ မြန်မာနိုင်ငံကို ပြန်လည်လွှဲပို့ခြင်းနဲ့ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ခြင်း မရှိပါက နေရပ်ပြန်လာချိန် ပြည်ပထွက်ခွာခွင့်ကို ၃ နှစ်အထိ ပိတ်ပင်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်သူတွေထံက စုံစမ်း သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ အဆိုပါ ငွေလွှဲမှုနဲ့ အခွန်ပေးဆောင်မှုတွေကို လိုက်နာဖို့ ပျက်ကွက်သူတွေဟာ ပြည်ပထွက်ခွာခွင့် ကန့်သတ်ခံရနိုင်တဲ့အပြင် ဝန်ခံကတိဖောက်ဖျက်မှုနဲ့ပါ အရေးယူခံရနိုင်တယ်ဟုဆိုကာ သတ်မှတ်ချက်တွေ မကြာခင် ထွက်ပေါ် လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။

လက်ရှိ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်မယ့်သူတွေကို အဆိုပါစည်းကမ်းချက်တွေ လိုက်နာမယ်ဆိုတဲ့ ဝန်ခံကတိစာချုပ်မှာ မိဘနဲ့ အုပ်ထိန်းသူတွေကိုပါ သက်သေအဖြစ် လက်မှတ်ရေးထိုးစေတယ်လို့ သိရပါတယ်။

ငွေလွှဲအထောက်အထား မပြနိုင်သူတွေကိုလည်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနဲ့ OWIC အလုပ်သမားကဒ် ထုတ်ပေးခြင်းတွေ ကန့်သတ်သွားမှာလို့ သိရပါတယ်။

ဒီသတ်မှတ်ချက်တွေဟာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအပေါ်ပါ သက်ရောက်မှုရှိလာပြီး လိုက်နာမှု မရှိပါက အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေရဲ့ လိုင်စင်ကိုပါ ပိတ်သိမ်းနိုင်တယ်လို့လည်း အေဂျင်စီတာဝန်ရှိသူအချို့က ပြောဆိုထားပါတယ်။

တစ်ဖက်မှာတော့ ထိုင်းနဲ့ ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားအချို့က နေထိုင်စားသောက်စရိတ်၊ အခွန်နဲ့ အခြားအသုံးစရိတ်တွေ ရှိနေတဲ့အတွက် ဝင်ငွေ ၂၅ ရာခိုင်နှုန်း ထပ်မံလွှဲပို့ရမယ့် သတ်မှတ်ချက်ဟာ ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဒါ့အပြင် သတ်မှတ်ဘဏ်ငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေး ကွာဟမှုကြောင့် ငွေကြေးဆုံးရှုံးနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ မြန်မာလုပ်သား အသိုင်းအဝန်းက သိရပါတယ်။

အလားတူ ပြည်ပထွက် အလုပ်သွားရောက် လုပ်ကိုင်မယ့်သူတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ ဝန်ခံကတိတွေကိုပါ လက်မှတ်ရေးထိုးရမှာဖြစ်ပြီး အလုပ်စာချုပ်သက်တမ်းပြည့်လို့ ပြန်လာချိန်မှာ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်ရှိနေပါက စစ်မှုထမ်းဆောင်ရမယ်လို့လည်း သိရပါတယ်။

အလုပ်သမား၀န်ကြီးဌာနကဘက်ကတော့ အခုသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး တရား၀င် တစ်စုံတစ်ရာ အတိအကျ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

#ပြည်ပဝင်ငွေ

#၂၅ရာခိုင်နှုန်း

#အလုပ်သမားဝန်ကြီးဌာန

#ပြည်ပထွက်ခွာခွင့်

ဆက်စပ်သတင်းများ

Eastern Thanlwin