၆ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
KZ
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ဖနုံးပြည်နယ်မှာ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်ကို အတုအသုံးပြုနေတဲ့ နိုင်ငံခြားသားတစ်ဦးကို ဇိမ်ခံ Mercedes-Benz ကားနဲ့အတူ ဖမ်းဆီးခဲ့ပြီး ငွေကြေးခဝါချမှုကွန်ရက်နဲ့ ဆက်နွှယ်မှုရှိမရှိ စစ်ဆေးနေပါတယ်။
နိုဝင်ဘာ ၃ ရက်က စကွန်နခွန်ပြည်နယ်ကနေ နခွန်ဖနုံးဘက်ကို မောင်းနှင်လာတဲ့ အဲဒီကားကို လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ကီလိုမီတာ ၁၀၀ ကျော် မောင်းနှင်ထွက်ပြေးပြီးနောက် Nit Yo လမ်းဘေးမှာ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာပါ။
စစ်ဆေးရာမှာ ကားမောင်းသူဟာ နိုင်ငံခြားသားဖြစ်ပြီး ထိုင်းနိုင်ငံသားတစ်ဦးရဲ့ အမည်နဲ့ ထုတ်ပေးထားတဲ့ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်ကို အသုံးပြုနေတာ တွေ့ရှိခဲ့ပါတယ်။ အဆိုပါ မှတ်ပုံတင်အချက်အလက်ကိုလည်း အရင်ကတည်းက ပယ်ဖျက်ထားပြီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သံသယရှိသူဟာ ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသားနှစ်ဦးရဲ့ မှတ်ပုံတင်အချက်အလက်တွေကို အစားထိုးအသုံးပြုခဲ့ဖူးသလို ထိုင်းနိုင်ငံသားအမည်နဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း အသုံးပြုခဲ့ဖူးကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။
လက်ရှိမှာတော့ တရားမဝင်နေထိုင်မှု၊ အစိုးရစာရွက်စာတမ်းအတု အသုံးပြုမှုနဲ့ အခြားဆက်စပ်ပြစ်မှုတွေအတွက် အမှုဖွင့်ထားပြီး နခွန်ဖနုံးမြို့မရဲစခန်းကို လွှဲပြောင်းထားပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာန အမှတ် ၄ တာဝန်ရှိသူတွေကတော့ သံသယရှိသူရဲ့ ငွေကြေးပိုင်ဆိုင်မှုနဲ့ ဝင်ငွေရင်းမြစ်တွေကို ဆက်လက်စစ်ဆေးနေပြီး ဘတ်သန်းရာနဲ့ချီတန်ဖိုးရှိတဲ့ ငွေကြေးခဝါချမှုကွန်ရက်နဲ့ ဆက်နွှယ်မှုရှိမရှိကိုပါ စုံစမ်းနေတယ်လို့ သိရပါတယ်။

