၆ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်မြို့တွင်း YBS ဘတ်စ်ကားတွေ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ခြင်း မရှိတော့တာကြောင့် ခရီးသည်တွေအနေနဲ့ ကားစောင့်ရတဲ့အချိန် ပိုမိုကြာမြင့်လာပြီး သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့ခံတို့က ဆိုပါတယ်။
အဓိကအားဖြင့် CNG ဓာတ်ငွေ့ရရှိမှု အခက်အခဲကြောင့် ဘတ်စ်ကားတွေ လုံလောက်တဲ့ အရေအတွက်နဲ့ လမ်းပေါ်မထွက်နိုင်ဘဲ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် CNG ဆိုင်တွေမှာ ဓာတ်ငွေ့ဖြည့်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်တွေတင်မကဘဲ နေ့ခင်းဘက်တွေမှာပါ ဘတ်စ်ကားရှားပါးလာပြီး ကားတစ်စီးနဲ့ တစ်စီးကြား စောင့်ဆိုင်းရချိန်ဟာ မိနစ် ၃၀ ကနေ ၄၅ မိနစ်ခန့်အထိ ရှိလာတယ်လို့ YBS စီးနင်းသူတွေက ပြောပါတယ်။
YBS ကားမောင်းသူတွေကလည်း CNG ဓာတ်ငွေ့မရရှိတာကြောင့် ယာဉ်အများအပြား ပြေးဆွဲနိုင်ခြင်း မရှိဘူးလို့လည်း ပြောဆိုပါတယ်။
လက်ရှိမှာ လျှပ်စစ်မီးကို ၄ နာရီလာ၊ ၄ နာရီပျက်စနစ်နဲ့ အလှည့်ကျ ဖြန့်ဖြူးပေးနေတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ မီးလာချိန်အတွင်းမှာတောင် လျှပ်စစ်မီး အပြည့်အဝမရရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
CNG အရောင်းဆိုင်တွေမှာ လျှပ်စစ်မီးပြတ်တောက်ချိန် ဓာတ်ငွေ့ဖြည့်တင်းမှု မရပ်တန့်စေဖို့ မီးစက်တွေ ထားရှိထားပေမဲ့ စက်သုံးဆီရရှိမှု အခက်အခဲကြောင့် မီးစက်တွေကို ပုံမှန်အသုံးပြုနိုင်ခြင်းမရှိဘူးလို့လဲ သိရပါတယ်။
YBS ကားတွေဟာ CNG ဓာတ်ငွေ့ဖြည့်တင်းဖို့ ၅ နာရီကနေ ၈ နာရီအထိ တန်းစီစောင့်ဆိုင်းရတဲ့ အခြေအနေတွေရှိနေပြီး တချို့ယာဉ်တွေဟာ ဓာတ်ငွေ့အပြည့်မရတာကြောင့် ခရီးစဉ်အပြည့် ပြေးဆွဲနိုင်ခြင်းမရှိတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခုမှာ စာရင်းဝင်ယာဉ်အစီးရေ ၅,၃၉၉ စီးရှိပေမဲ့ နေ့စဉ်အမှန်တကယ် ပြေးဆွဲနိုင်တဲ့ယာဉ်က ၃,၄၀၀ စီးခန့်သာ ရှိပါတယ်။
အဲဒီထဲမှာ CNG အသုံးပြုတဲ့ယာဉ် ၃,၁၀၀ စီးနဲ့ ဒီဇယ်အသုံးပြုတဲ့ယာဉ် ၃၀၀ စီးခန့် ပါဝင်ပြီး ရန်ကုန်မြို့ရဲ့ နေ့စဉ် ခရီးသည် ၁၈ သိန်းဝန်းကျင်ကို သယ်ယူပို့ဆောင်ပေးနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် YBS ယာဉ်အရေအတွက် လျော့နည်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ယာဉ်သက်တမ်း ကြာမြင့်လာခြင်း၊ အပိုပစ္စည်း ရှားပါးပြီး ဈေးနှုန်းမြင့်တက်လာခြင်းနဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အခက်အခဲတွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ကနဦး ပြောကြားထားပါတယ်။

