၅ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)
NPW
အဆိုကို နိုဝင်ဘာ ၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီးအမှတ်(၇)က ဦးဇင်မင်းထက်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဆိုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ မှ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို ပြင်ဆင်နိုင်ဖို့နဲ့ ပြည်ထောင်စုသဘောတူစာ ချုပ်(Union Accord)အစိတ်အပိုင်း (၁)၊ (၂)၊ (၃) ပါအချက်တွေနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်ရေးနဲ့ ဥပဒေကြမ်းပြုစုရေးပူး ပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းဖို့ အဆိုဖြစ်ပါတယ်။
ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတက ဇူလိုင် ၁ ရက်ကတည်းက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ထားတာ ဖြစ်ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်ဆဲရေးသဘောတူစာချုပ်(NCA) အပိုဒ် ၂၀(င)အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁)၊ (၂)၊ (၃)ပါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးဆိုင်ရာအချက်တွေ၊ နိုင်ငံတော်သမ္မတ ပေးပို့ထားတဲ့ သဝဏ်လွှာပါ EAO တွေနဲ့ ညှိနှိုင်းရရှိထားတဲ့အချက် ၂၁ ချက်အပါအဝင် နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ ညှိနှိုင်းရရှိထားတဲ့ ပြင်ဆင်ဖြည့်စွက်သင့်တဲ့အချက် ၄၃ ချက်ကို လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်း ဆောင်ရွက်နိုင်ဖို့ အဆိုတင်သွင်းရတာဖြစ်တယ်လို့ အဆိုရှင် ဦးဇင်မင်းထက်က ပြောပါတယ်။
“ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုင်ရာ အခန်းစနစ် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ရဲ့ ပြဌာန်းချက် တွေအရ ပြင်ဆင်တဲ့အဆင့်မဟုတ်သေးဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လေ့လာသုံးသပ်အကောင်အထည်ဖော် နိုင်မယ့် ယန္တရားတစ်ရပ် စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားဖို့ လိုအပ်နေတဲ့အတွက်ကြောင့် ဒီအဆိုကို တင်သွင်းရခြင်းပဲဖြစ်ပါ တယ် ” လို့ ဦးဇင်မင်းထက်က ဆိုပါတယ်။
တိုင်းရင်းသားလူမျိုးစုအားလုံး လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အချက်အလက်တွေကို ပြင်ဆင်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပုဒ်မ၄၃၆(က)အရ ပြင်ဆင်ရမယ့်ပုဒ်မတွေမှာ ပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၈၊ ပုဒ်မ ၁၁(က)၊ ပုဒ်မ ၁၉(က)၊ ပုဒ်မ ၂၀(က)၊ ပုဒ်မ ၂၂(ဃ)၊ ပုဒ်မ၂၃(ဂ)၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၀၊ ပုဒ်မ ၅၃(က)၊ ပုဒ်မ ၅၉(ဂ)၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၁၀၆(က)၊ ပုဒ်မ ၁ဝ၆(ခ)၊ ပုဒ်မ ၂၄၈(ဂ)တို့ဖြစ်ပြီး စုစုပေါင်း အခန်း(၅)ခန်း၊ ပုဒ်မ(၁၄)ခု၊ အချက်(၁၆) ချက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ပုဒ်မ၄၃၆(ခ)အရ ပြင်ဆင်ရမယ့်ပုဒ်မတွေမှာ ပုဒ်မ ၆၄၊ ပုဒ်မ ၁၃၄(က)၊ ပုဒ်မ ၁၃၄(ခ)၊ ပုဒ်မ ၁၈၈(က)၊ ပုဒ်မ ၂၃၂(က)၊ ပုဒ်မ ၂၃၅(ခ)၊ ပုဒ်မ ၂၃၉(က)၊ ပုဒ်မ ၂၄၄(က)၊ ပုဒ်မ ၂၄၅(ခ)၊ ပုဒ်မ ၂၅၀၊ ပုဒ်မ ၂၆၁(က)(၅)၊ ပုဒ်မ ၂၆၁ (က)(၆)၊ ပုဒ်မ ၂၈၆(က)(၂)၊ ပုဒ်မ ၂၈၈(က)၊ ပုဒ်မ ၂၈၈(ခ)၊ ပုဒ်မ ၃၂၂(ခ)၊ ပုဒ်မ ၃၂၂(ဇ)၊ ပုဒ်မ ၃၃၁၊ ပုဒ်မ ၃၃၅၊ ပုဒ်မ ၃၄၂၊ ပုဒ်မ ၃၇၃၊ ပုဒ်မ ၄ဝ၁ (က)၊ ပုဒ်မ ၄၀၂၊ ပုဒ်မ ၄၀၃၊ ပုဒ်မ ၄၀၃(က)၊ ဇယား -၁ နိုင်ငံခြားရေးကဏ္ဍ အပိုဒ်(ဇ)၊ ဇယား-၁ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍ အပိုဒ်(ည)တို့ဖြစ်ပြီး စုစုပေါင်း အခန်း(၇)ခန်း၊ ပုဒ်မ(၂ဝ)ခု၊ ဇယား (၁)ခု၊ အချက်(၂၇)ချက်တို့ဖြစ်ပါတယ်။
အဆိုကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်က ဦးသိန်းထွန်းဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး လေ့လာသုံးသပ်ရေးနဲ့ ဥပဒေကြမ်းပြုစုရေးပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

