Language:

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ လွှတ်တော်နှစ်ရပ်စလုံး ထိန်းချုပ်နိုင်ခဲ့


အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ လွှတ်တော်နှစ်ရပ်စလုံး ထိန်းချုပ်နိုင်ခဲ့

၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အောက်လွှတ်တော်နေရာ ၂၁၈ နေရာကျော် အနိုင်ရရှိခဲ့ပြီး အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ Associated Press (AP) သတင်းဌာနက ကြေညာပါတယ်။

ဝါရှင်တန်စံတော်ချိန် နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီ ၃၅ မိနစ်မှာ အောက်လွှတ်တော်နေရာ ၂၁၈ နေရာကျော် ရရှိခဲ့တာကြောင့် AP က ဒီမိုကရက်တွေ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ NBC ရဲ့ ခန့်မှန်းချက်အရ ဒီမိုကရက်တွေဟာ အောက်လွှတ်တော်နေရာ ၂၄၈ နေရာအထိ ရရှိနိုင်တယ်လို့ သိရပါတယ်။

အထက်လွှတ်တော်ရွေးကောက်ပွဲမှာလည်း မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ အိုဟိုင်းအို၊ တက္ကဆက်၊ ကန်ဆပ်နဲ့ အိုင်အိုဝါပြည်နယ်တွေမှာ ဒီမိုကရက်တွေ အနိုင်ရခဲ့ပါတယ်။ မစ်ရှီဂန်မှာ အဗ္ဒူ အယ်လ်-ဆာယက် အနိုင်ရခဲ့ပြီး အမေရိကန်သမိုင်းမှာ ပထမဆုံး မွတ်စလင်အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

မဲဆန္ဒရှင်တွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ သွင်းကုန်ခွန်နဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုတွေကို မကျေနပ်ကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒီအချက်တွေကလည်း ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။

ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရန့်က ဒီမိုကရက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ New York Times ကို ပြောဆိုခဲ့ပါတယ်။ Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း ဒီမိုကရက်တွေ ရလဒ်ကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ ရွေးကောက်ပွဲရလဒ်ဟာ သူ့အပေါ် တိုက်ရိုက်ထိုးနှက်မှုမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွေမှာလည်း ဒီမိုကရက်တွေက ဂျော်ဂျီယာ၊ အိုဟိုင်းအို၊ အိုင်အိုဝါနဲ့ တက္ကဆက်တို့မှာ အနိုင်ရခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ဒီမိုကရက်ပါတီခေါင်းဆောင် ဟာကင်မ် ဂျက်ဖရီးစ် ရရှိလာဖို့လည်း မျှော်လင့်နေကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ ပြည်တွင်းရေးကိစ္စဖြစ်ပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဆက်သွယ်မှုတွေကို ဆက်လက်အားကောင်းအောင် လုပ်ဆောင်လိုကြောင်း ပြောဆိုထားပါတယ်။

ဒီမိုကရက်တွေ လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် သမ္မတထရန့်ရဲ့ မူဝါဒတွေကို လွှတ်တော်အတွင်း စိစစ်ထိန်းကျောင်းမှု ပိုမိုအားကောင်းလာနိုင်ပြီး လာမယ့် အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။

#ရွေးကောက်ပွဲ

#ဒီမိုကရက်တစ်ပါတီ

#အမေရိကန်

#အောက်လွတ်တော်

ဆက်စပ်သတင်းများ

Eastern Thanlwin