၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီကနေ့ ညနေပိုင်းက မတော်တဆမှုကြောင့် ပေါက်သွားခဲ့တဲ့ ရေပိုက်ကို ည ၇ နာရီဝန်းကျင်မှာ ပြုပြင်ပြီးစီးခဲ့တယ်လို့ မြို့ရေပေးဝေရေးက ပြန်လည် သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မြို့တွင်းရေပေးဝေမှု ပုံမှန်ပြန်ဖြစ်လာစေဖို့ ရေပိုက်လိုင်းတွေအတွင်း ပိတ်မိနေတဲ့ လေတွေကို ထုတ်လွှတ်တဲ့လုပ်ငန်းတွေကို ရပ်ကွက်အလိုက် ဆက်လက်လုပ်ဆောင်နေတယ်လို့လဲ သိရပါတယ်။
“ရေပိုက်ပေါက်သွားတဲ့ မတော်တဆဖြစ်စဉ်ကိုတော့ ပြန်လည်ပြင်ဆင်ပြီးပါပြီ၊ ရေပိုက်ထဲ လေခိုသွားတာတွေအတွက် အခုလဲ ဆက်ပြီး လုပ်ဆောင်နေပါတယ်”လို့ တာချီလိတ် ရေပေးဝေရေး TESS Waterက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၄ ရက် မနက် ၁ နာရီဝန်းကျင်မှာ မြို့တွင်းအနိမ့်ပိုင်းရှိ နေအိမ်တွေကို ရေပြန်လည်ရောက်ရှိနိုင်မယ်လို့ သိရပြီး အမြင့်ပိုင်းမှာရှိတဲ့ နေအိမ်တွေကတော့ ရေပိုက်လိုင်းအတွင်း ရေဖိအားပုံမှန်ပြန်ဖြစ်လာဖို့ အချိန်အနည်းငယ် ထပ်မံစောင့်ဆိုင်းရနိုင်တယ်လို့ အသိပေးထားပါတယ်။
ရေပိုက်ပေါက်မှုကြောင့် သုံးစွဲရေ ခေတ္တပြတ်တောက်ခဲ့တဲ့အတွက် ရေပေးဝေရေးတာဝန်ရှိသူတွေက ပြည်သူတွေကို တောင်းပန်ထားပြီး ရေပေးဝေမှု ပုံမှန်ပြန်လည်ရရှိစေဖို့ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

