၄ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရွှေ၊ ရွှေကြမ်းနဲ့ ရွှေထည်လက်ဝတ်ရတနာပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချခွင့် ယာယီရပ်ဆိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မနေ့က နို၀င်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းအတွက် Online အသုံးပြုခွင့်လိုင်စင် လျှောက်ထားခြင်းနဲ့ ရောင်းချခြင်းဆိုင်ရာ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညှိနှိုင်းအကြောင်းပြန်ချက်တွေကြောင့် ယာယီရပ်နားလိုက်ရတယ်လို့ သိရပါတယ်။
အသင်းရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်ကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်အထိ လက်ဝတ်ရတနာပစ္စည်းအုပ်စုအတွက် Online Sale မှတ်ပုံတင်လက်မှတ် စုစုပေါင်း ၈၁၁ စောင် ထုတ်ပေးခဲ့ပြီး လက်ရှိသက်တမ်းရှိနေတဲ့ လက်မှတ် ၂၄၁ စောင်နဲ့ သက်တမ်းကုန်ဆုံးပြီး လက်မှတ် ၅၇၀ စောင် ရှိတယ်လို့ သိရပါတယ်။
အခုလို အွန်လိုင်းကနေ ရွှေနဲ့ ရွှေထည်ပစ္စည်းတွေ ရောင်းချတာကို ယာယီရပ်ဆိုင်းတာဟာ ဒေါ်လာ၊ ရွှေနဲ့ ကားဈေးနှုန်းတွေ တည်ငြိမ်စေရေးအတွက် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ဈေးကွက်ထိန်းညှိမှုတွေကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“Online ကနေ ရွှေရောင်းချမှုကို ယာယီရပ်ဆိုင်းလိုက်တာကြောင့် အွန်လိုင်းအရောင်းအဝယ်ကို အဓိကထားလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ လက်ရှိမှာတော့ သက်ဆိုင်ရာဌာနတွေရဲ့ နောက်ထပ်ညွှန်ကြားချက်တွေကို စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ် “ လို့ ရန်ကုန်အခြေစိုက် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ယခင်က ခွင့်ပြုထားပြီးသား Online Sale လုပ်ငန်းမှတ်ပုံတင်တွေကိုလည်း သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘဲ ကျောက်မျက်ရတနာကို သီးခြားရောင်းချတဲ့ လုပ်ငန်းတွေကိုတော့ ဝန်ခံကတိပြုချက်နဲ့ ဆက်လက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

