၁ သြဂုတ်လ ၂၀၂၆ (Eastean ThanLwin)
ကိုဇက်
တာချီလိတ်က လောင်စာဆီဈေးတက်လာရခြင်းက ကမ္ဘာ့ရေနံဈေးတက်တာနဲ့အတူ သယ်ယူစရိတ်မြင့်တက်လာတာကြောင့် ဆီဈေးတက်လာရခြင်းဖြစ်တယ်လို့ တာချီလိတ် လောင်စာဆီ ရောင်းဝယ်ရေးအသင်းက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့ကို ထိုင်းနိုင်ငံက ပြီးခဲ့တဲ့လကစတင်ပြီး လောင်စာဆီတင်ပို့ခွင့် ကန့်သတ်လိုက်တာကြောင့် မြို့တွင်းလိုအပ်တဲ့ လောင်စာဆီကို ပြည်တွင်းကအပြင် အခြားနည်းလမ်းတွေ့နဲ့ ဝယ်ယူအသုံးပြုနေရတာကြောင့် ဒေသတွင်း လောင်စာဆီလိုအပ်ချက်ကို ပြည့်မီအောင် တင်သွင်းဖို့ အခက်တွေ့နေတာဖြစ်ပါတယ်။
“အရှေ့အလယ်ပိုင်း ပြဿနာတွေထပ်ဖြစ်နေတော့ ကမ္ဘာ့လောင်စာဆီဈေးကလည်း တက်လာတယ်။ နောက်ပြီး သယ်ယူရတဲ့စရိတ်က ခရီးဝေးပြီး အဆင့်ဆင့် သယ်နေရတာဆိုတော့ စရိတ်လည်း တက်လာလို့ ပြန်ရောင်းတဲ့အခါ ဆီဈေးတက်နေရတာပါ”လို့ တာချီလိတ် လောင်စာဆီ ရောင်းဝယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ထိုင်းနိုင်ငံက လောင်စာဆီ ကန့်သတ်မှုမလုပ်ခင်အချိန်မှာ ဓါတ်ဆီတစ်လီတာကို (၃၅)ဘတ်သာရှိခဲ့ပေမယ့် ယခု သြဂုတ်(၁)ရက်နေ့မှာ ဓါတ်ဆီတစ်လီတာ (၆၅)ဘတ်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ဓါတ်ဆီကို အကန့်အသတ်နဲ့ ရောင်းချနေရတယ်လို့ သိရပါတယ်။
မြို့တွင်း လောင်စာဆီလိုအပ်ချက် ပြည့်မီအောင် ဆီပန့်တွေက မရောင်းချပေးနိုင်ပေမယ့် ပြင်ပလမ်းဘေး ဆီရောင်းချနေတဲ့ဆိုင်တွေမှာ တစ်လီတာကို ဘတ်(၁၀၀)ကျော်နဲ့ လိုသလောက် ရောင်းချပေးနေတာဖြစ်ပါတယ်။
အခုလို ပြင်ပဆိုင်တွေမှာ လောင်စာဆီအများအပြား လိုသလောက် ရောင်းချပေးနေတဲ့အပေါ် ဒေသခံတွေက “ဆီပန့်တွေက သွားထည့်ရင်ကုန်ပြီတဲ့။ ဆီပန့်ဆိုင်နားကပ်ရပ် အပြင်လမ်းဘေးရောင်းတဲ့ဆိုင်မှာ ကြိုက်သလောက်ရတယ်ဆိုတော့ ဆီပန့်နဲ့ အပြင်ဆိုင်ပေါင်းပြီး လုပ်စားနေတာလား။ လိုင်းပေါ်မှာလဲ တစ်လီတာ(၁၂၀)ဘတ်နဲ့ ကြိုက်သလောက်ရတယ်ဆိုပြီး ရောင်းနေတာမှ ပုံနေတာဘဲ ဒါတွေကို တာဝန်ရှိသူတွေ ကြပ်မတ်စေချင်တယ်”ဟု မေးခွန်းထုတ်နေတာလည်းရှိပါတယ်။
တာချီလိတ်မြို့နယ်အတွင်း လောင်စာဆီရောင်းချတဲ့ ဆီပန့်ပေါင်း (၁၃)ခုကျော်ရှိပြီး ယခင်က ထိုင်းနိုင်ငံက တင်သွင်းနေတဲ့ လောင်စာဆီတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ မြို့နယ်တွေအားလုံးကို ပြန်လည်ရောင်းချရတာဖြစ်ပြီး နေ့စဉ် လောင်စာဆီလီတာ(၁)သိန်းကျော် အသုံးပြုနေတာဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

