မိုးရာသီကာလအတွင်း လူငယ်များတွင် ရာသီတုပ်ကွေးအဖြစ်များတာကြောင့် ကျန်းမာရေးဂရုစိုက်ရန်လိုအပ်


မိုးရာသီကာလအတွင်း လူငယ်များတွင် ရာသီတုပ်ကွေးအဖြစ်များတာကြောင့် ကျန်းမာရေးဂရုစိုက်ရန်လိုအပ်

၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရာသီပြောင်းလဲအချိန်နှင့် မိုးရာသီကာလအတွင်း ရာသီတုပ်ကွေး ဖြစ်ပွားမှုများလာနိုင်လို့ ဒေသခံပြည်သူများအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက် လိုက်နာပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် ကျန်းမာရေးပညာရှင် ဆရာဝန်များက အကြုံပြုထားတာဖြစ်ပါတယ်။

ရာသီတုပ်ကွေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် ရာသီတုပ်ကွေးဖြစ်သူနဲ့ နီးကပ်စွာ ထိတွေ့နေထိုင်ခြင်းတို့မှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တယ်လို့သိရှိရပါတယ်။

“ဖြစ်လာပြီဆိုရင် အရည်များများသောက် ၊ ဖျားတဲ့အခါမှာ ပါရာစီတမော့သောက် အိပ်ရေးဝအောင်အိပ်၊ အစားများများစားပြီး ခုခံအားကောင်းအောင် နေသင့်ပါတယ်”လို့ တာချီလိတ်ပြည့်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးကုသမားတော် ဒေါက်တာပြည့်စုံက ပြောပါတယ်။

ရာသီတုပ်ကွေး ကူးစက်ခံရသူများတွင် ရုတ်တရက် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည် ရောဂါရှိသူများတွင် ရောဂါပြင်းထန်နိုင်ခြေ ပိုများသဖြင့် အထူးဂရုစိုက်ပြုသင့်ကြောင်းနှင့် လက္ခဏာများ ပြင်းထန်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် အမြန်ဆုံး ဆေးကုသမှုခံယူရန် တိုက်တွန်းထားပါတယ်။

အချို့သော လူနာများက မြန်မာတိုင်းရင်းဆေးများဖြင့် သက်သာအောင် ကုသနေကြပြီး ခေတ်ပေါ် အင်္ဂလိပ်ဆေးတွေ မသုံးစွဲပဲ ရှေးဟောင်းကုသရေး နည်းလမ်းများနဲ့ တိုင်းရင်းဆေး ရိုးရာနည်းလမ်းများ ကုသနေကြတာဖြစ်ပါတယ်။

“ကလေးတွေ တုပ်ကွေးဖြစ်ရင် အင်္ဂလိပ်ဆေးတွေက တိုက်တာနည်းတယ်။ အင်္ဂလိပ်ဆေးတွေက ချက်ချင်းပျောက်တယ်။ အမြစ်မပျောက်ဘူး။ ခြင်္သေ့မင်း ဗမာဆေး‌မှုန့်တိုက်တယ်လို့” အိမ်ရှင်မ အမျိုးသမီးအဘွား တစ်ဦးက ပြောပါတယ်။

ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးကာ ရောဂါကိုကာကွယ်နိုင်ပြီး ၁၉၄၆ ခုနှစ်တွင် အများပြည်သူများအတွက် တရားဝင်အသုံးပြုခွင့်ပြုရပြီး တစ်နှစ်လျှင် ၁ ကြိမ် ထိုးရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး WHO ရဲ့ အချက်အလက်အရ ကမ္ဘာတစ်ဝန်း မှာ ရာသီတုပ်ကွေးကူးစက်သူ ၁ ဘီလီယံခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ပြင်းထန်လူနာ ၃ သန်း မှ ၅ သန်းခန့် ရှိပြီး သေဆုံးသူ ၂၉၀,၀၀၀ မှ ၆၅၀,၀၀၀ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#ကျန်းမာရေး

#ရာသီတုတ်ကွေး

#ဆေးရုံ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin