၃ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
မြန်မာနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်စီမံကိန်းဖြစ်လာမယ့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့အတွက် ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။
ကော်မတီကို ဒုတိယသမ္မတ ဦးညိုစောက ဦးဆောင်မှာဖြစ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပို့ဆောင်ရေး၊ လျှပ်စစ်နဲ့စွမ်းအင်၊ စီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနဲ့အခွန်၊ ဥပဒေရေးရာ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ဝန်ကြီးဌာနတွေက ဝန်ကြီးတွေနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဟံသာဝတီလေဆိပ်စီမံကိန်းဟာ ၁၉၉၄ ခုနှစ် မတ်လ ၂၁ ရက်မှာ ကိုရီးယားကုမ္ပဏီတစ်ခုက စတင်တည်ဆောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရပ်ဆိုင်းသွားခဲ့ကာ ၂၀၁၂ ခုနှစ်မှာ လေကြောင်းခရီးသွားလာမှုနဲ့ နိုင်ငံတကာခရီးသည်ဝင်ရောက်မှု တိုးလာနိုင်တာကို ရည်ရွယ်ပြီး စီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ စီစဉ်ခဲ့ပါတယ်။
အစောပိုင်းအစီအစဉ်အရ ပထမအဆင့်မှာ တစ်နှစ်လျှင် ခရီးသည် ၁၀ သန်း လက်ခံနိုင်တဲ့ လေဆိပ်အဖြစ် တည်ဆောက်ဖို့ ရည်မှန်းခဲ့ပြီး နောက်ပိုင်းခရီးသည်ဝင်ရောက်မှုအပေါ် မူတည်ကာ ဒုတိယအဆင့်မှာ ထပ်မံတိုးချဲ့နိုင်ဖို့ စီစဉ်ထားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ စင်ကာပူနိုင်ငံက Yongnam Holdings၊ Changi Airports Planners and Engineers နဲ့ ဂျပန်နိုင်ငံက JGC Corporation တို့ ပါဝင်တဲ့ ကုမ္ပဏီအစုအဖွဲ့ကို စီမံကိန်းအတွက် ရွေးချယ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အဆိုပါအစုအဖွဲ့နဲ့ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနတို့အကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံခန့် သတ်မှတ်ထားကာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာမှာ ပထမအဆင့်အတွက် တစ်နှစ်လျှင် ခရီးသည် ၁၂.၆ သန်း၊ ဒုတိယအဆင့်မှာ ၃၀ သန်းအထိ လက်ခံနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားကြောင်း ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာမှာပဲ နောက်ဆုံးအဆင့်အထိ တိုးချဲ့နိုင်ပါက တစ်နှစ်လျှင် ခရီးသည် သန်း ၆၀ အထိ လက်ခံနိုင်မယ့် ရည်မှန်းချက်ကိုလည်း ထည့်သွင်းထားပါတယ်။
ဟံသာဝတီလေဆိပ်ကို ရန်ကုန်မြို့ကနေ မိုင် ၅၀ ခန့်အကွာ ပဲခူးမြို့နယ်၊ ကျောက်တိုင်ကန်ရွာအနီးရှိ မြေဧက ၉,၀၀၀ ဝန်းကျင်ပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေအတွက် အဓိကဝင်ပေါက်တစ်ခု ဖြစ်လာစေဖို့နဲ့ အနာဂတ်ခရီးသည်ဝင်ရောက်မှု တိုးလာတာကို ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
သို့သော် ဆောက်လုပ်ရေးဆိုင်ရာ သဘောတူညီချက်သက်တမ်းကုန်ဆုံးသွားတာ၊ ကုန်ကျစရိတ်နဲ့ ရန်ပုံငွေကိစ္စတွေ၊ ကိုဗစ်ကပ်ရောဂါနဲ့ ဂျပန်အစိုးရရဲ့ ရန်ပုံငွေထောက်ပံ့မှုဆိုင်ရာ အခက်အခဲတွေကြောင့် စီမံကိန်းဟာ ရပ်နားနေခဲ့တာ ဖြစ်ပါတယ်။
ယခု ဦးဆောင်ကော်မတီ ပြန်လည်ဖွဲ့စည်းလိုက်တာကြောင့် ရပ်နားထားတဲ့ ဟံသာဝတီလေဆိပ်စီမံကိန်းကို ဘယ်လိုပုံစံနဲ့ ပြန်လည်အကောင်အထည်ဖော်မလဲ၊ ယခင်ဒီဇိုင်းနဲ့ ခရီးသည်လက်ခံနိုင်မှု ရည်မှန်းချက်တွေကို ဆက်လက်အသုံးပြုမလားဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်လာခြင်းမရှိသေးပါဘူး

