Language:

မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်


မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်

၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နဲ့ ကျည်ဆန်တွေ ထိုင်းပိုင်နက်အတွင်း ကျရောက်လာနိုင်တဲ့ အခြေအနေကြောင့် ထိုင်းစစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် တပ်ဖွဲ့တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်မံဖြည့်တင်းချထားလိုက်ပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ချိုင်ပရွတ် ဒွန်းပရာပါတ်က နိုဝင်ဘာ ၃ ရက် ဒီနေ့မနက်မှာ ပြောကြားခဲ့တာဖြစ်ပြီး မြန်မာအစိုးရထံလည်း သံတမန်ရေးလမ်းကြောင်းကတစ်ဆင့် တရားဝင်ကန့်ကွက်စာတွေ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

အဲဒီကန့်ကွက်စာတွေကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ တော်ဝင်ထိုင်းတပ်မတော်နဲ့ အမျိုးသားလုံခြုံရေးကောင်စီတို့ကတစ်ဆင့် နေပြည်တော်ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ချိုင်ပရွတ်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုကရစ် ဘွန်တာနွန်ဟာ မကြာသေးခင်က မြန်မာစစ်သံမှူးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာဘက်က မြေပြင်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကတိပြုထားကြောင်းလည်း သိရပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ယေဘုယျအားဖြင့် ကောင်းမွန်ပေမဲ့ နယ်စပ်မြေပြင်မှာရှိတဲ့ တပ်ဖွဲ့တွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်တယ်လို့ ချိုင်ပရွတ်က သတိပေးပါတယ်။

အထူးသဖြင့် လက်နက်ကြီးတွေ ပစ်ခတ်တဲ့အခါ ပစ်မှတ်ကို အနည်းငယ်လွဲချော်ရုံနဲ့ ကျည်ဆန်တွေဟာ ထိုင်းပိုင်နက်အတွင်း ကျရောက်နိုင်တာကြောင့် ထိုင်းစစ်တပ်အနေနဲ့ အန္တရာယ်တွေကို ကြိုတင်တားဆီးနိုင်ဖို့ လုံခြုံရေးအစီအမံတွေ တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း နယ်စပ်အနီး အန္တရာယ်ရှိနိုင်တဲ့ နေရာတွေမှာ နေထိုင်သူတွေအတွက် အရေးပေါ်ရွှေ့ပြောင်းရေးအစီအစဉ်တွေ ပြင်ဆင်ထားသလို ထိခိုက်ပျက်စီးမှုတွေရှိလာရင် ကူညီထောက်ပံ့နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အနူတင် ချာန်ဝီရာကွန်ကလည်း တနင်္လာနေ့မှာ ထိုင်းပိုင်နက်ကို ကာကွယ်ဖို့ အသင့်ရှိကြောင်း ပြောကြားထားပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်မှုတွေကို တိုးမြှင့်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက်က မြန်မာဘက် တိုက်ပွဲတွေအတွင်း ပစ်ခတ်လိုက်တဲ့ ကျည်ဆန်နဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်အတွင်း ကျရောက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ တနင်္ဂနွေနေ့က ထိုင်းလေတပ်ဟာ မြန်မာနယ်စပ် အနောက်ဘက်တစ်လျှောက်မှာ F-16 တိုက်လေယာဉ်တစ်စီးကို ကင်းလှည့်ပျံသန်းစေခဲ့ပါတယ်။

ဝန်ကြီးချုပ် အနူတင်ကတော့ ထိုင်းတပ်မှူးတွေကို တိုက်ပွဲတွေထဲ ပါဝင်ပတ်သက်မှုမဖြစ်စေဖို့နဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ထိုင်းနိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်မှုမရှိပေမဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရသူတွေကိုတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကနေ ကရင်လက်နက်ကိုင်အဖွဲ့တွေဆီ ကုန်ပစ္စည်းရောင်းချနေတဲ့ ကုန်သည်တွေ ခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးလည်း အတည်ပြုနိုင်တဲ့ အချက်အလက် မရှိသေးဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနယ်စပ်နဲ့ ဆက်စပ်နေတဲ့ ချင်းမိုင်နဲ့ ချင်းရိုင်ပြည်နယ်တွေမှာ လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှုမရှိသေးပေမဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ လုံခြုံရေးစောင့်ကြည့်မှု၊ အရေးပေါ်ရွှေ့ပြောင်းရေးနဲ့ ဘေးကင်းလုံခြုံရာဇုန်တွေ ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ထိုင်းနာရေးဆွန်အထူးတပ်ဖွဲ့ဟာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ မဲဆောက်နဲ့ ဖို့ဖရခရိုင်တွေမှာ တရားဝင်လမ်းကြောင်းမဟုတ်တဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပါတယ်။

ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံဘက်က လက်နက်ကိုင်အဖွဲ့တွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ မရောက်ရှိစေဖို့နဲ့ နယ်စပ်ဒေသခံတွေရဲ့ လုံခြုံရေးအန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လလိဒါ ပါးစ်ဝီဝတနာက ပြောပါတယ်။

ထိုင်းလေတပ်ကလည်း F-16 တိုက်လေယာဉ် ကင်းလှည့်ပျံသန်းမှုဟာ နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး အသင့်အနေအထားကို ပြသတာဖြစ်သလို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ သတိပေးလိုက်တာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

တစ်ဖက်မှာတော့ ထိုင်းအတိုက်အခံပါတီရဲ့ အရိပ်အစိုးရအဖွဲ့ဝင်တစ်ဦးက အစိုးရရဲ့ သံတမန်ရေးချဉ်းကပ်မှုအပေါ် တနင်္လာနေ့မှာ ဝေဖန်ထားပါတယ်။

လက်ရှိအခြေအနေအရ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တိုက်ရိုက်ပါဝင်ခြင်းမရှိဘဲ နယ်စပ်လုံခြုံရေး၊ အချုပ်အခြာအာဏာကာကွယ်ရေးနဲ့ ဒေသခံပြည်သူတွေရဲ့ ဘေးကင်းရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

#ထိုင်းစစ်တပ်

#မြန်မာနယ်စပ်တစ်လျှောက်

#ထိုင်းလေတပ်

#စစ်ရေးနဲ့လုံခြုံရေး

ဆက်စပ်သတင်းများ

Eastern Thanlwin