၃ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
NPW
ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပလပ်စတစ်ထုတ်ကုန်တွေ၊ အထူးသဖြင့် ကြွပ်ကြွပ် အိတ်တွေ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုတာကို အဆင့်လိုက်လျှော့ချကန့်သတ်ရေး ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်ဖြစ်ပါတယ်။
အဆိုကို မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂)က ဒေါ်ခင်ဆွေက နိုဝင်ဘာ ၂ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။
“ ပလပ်စတစ်ပစ္စည်း အထူးသဖြင့် ကြွပ်ကြွပ်အိတ်တွေဟာ တစ်ခါသုံးစနစ်နဲ့ အများသုံးပစ္စည်းဖြစ်ပြီး စွန့်ပစ်ပြီးရင် နှစ်ပေါင်း များစွာ မပျက်စီးဘဲ သဘာဝပတ်ဝန်းကျင်မှာ ကျန်နေကြပါတယ်။ ဒီပလပ်စတစ်အမှိုက်တွေကြောင့် မြေဆီလွှာပျက်စီးတာ၊ ရေမြောင်းတွေ ပိတ်ဆို့တာတွေ၊ ရေကြီးရေလျှံတာတွေဖြစ်တာ၊ ရောဂါပိုးမွှားတွေ အလွယ်တကူပေါက်ဖွားနိုင်တာကြောင့် မြေ ဆီလွှာနဲ့ မြေထု၊ ရေထု ညစ်ညမ်းမှုတွေ ဖြစ်စေတဲ့အပြင် တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်နေပါတယ် ” လို့ အ ဆိုရှင် ဒေါ်ခင်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြွပ်ကြွပ်အိတ်တွေကို အလွယ်တကူရနိုင်သလို တန်ဖိုးနည်းတဲ့အတွက် နှစ်စဉ်၊ နေ့စဉ် သန်းနဲ့ချီတဲ့ အရေအတွက်နဲ့ အသုံးပြုနေကြတယ်လို့လည်း အဆိုရှင်က ဆိုပါတယ်။
“ ပလတ်စတစ်အသုံးပြုမှုများလာတာနဲ့အမျှ မြေထု၊ ရေထု၊ လေထု ကို ညစ်ညမ်းစေပြီး ကမ္ဘာ့ဂေဟစနစ်ကိုလည်း မတည်မ ငြိမ် ဖြစ်စေတာကြောင့် မြို့ရွာသန့်ရှင်းရေးနဲ့ ပြည်သူတွေ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အရေးယူဖို့ အချိန်တန်ပြီဖြစ်ပါတယ် ” လို့ ဒေါ်ခင်ဆွေက ဆိုပါတယ်။
အသုံးပြုပြီး စွန့်ပစ်လိုက်တဲ့ ကြွပ်ကြွပ်အိတ်တွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို ပလတ်စတစ်စက်ရုံတွေကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းတဲ့ ပြဿနာကလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ပညာရှင်တွေနဲ့ အစိုးရတွေ ရင်ဆိုင်နေရတဲ့ အရေးကြီးပြဿနာတစ်ခုလည်းဖြစ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကြွပ်ကြွပ်အိတ်အစား အဝတ်အိတ်၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ ပေါက်ဖတ်၊ အင်ဖတ် စတဲ့ သဘာဝပစည်းတွေ ကို အသုံးပြုနိုင်တာကြောင့် ရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေးအတွက် မူဝါဒချဆောင်ရွက်ဖို့ လိုနေပြီဖြစ်တယ်လို့လည်း အဆိုရှင်က ဆိုပါတယ်။
အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

