Language:

ရုရှားက အိုဒက်ဆာ စစ်စခန်းနဲ့ ကုန်တင်သင်္ဘောကို တိုက်ခိုက်မှု လူ ၄ ဦး ဒဏ်ရာရ


ရုရှားက အိုဒက်ဆာ စစ်စခန်းနဲ့ ကုန်တင်သင်္ဘောကို တိုက်ခိုက်မှု လူ ၄ ဦး ဒဏ်ရာရ

၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသက စစ်စခန်းတစ်ခုနဲ့ ပင်လယ်နက်အတွင်းရှိ ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ တိုက်ခိုက်ခံရတဲ့ ကုန်တင်သင်္ဘောဟာ အိုဒက်ဆာဆိပ်ကမ်းမြို့ရဲ့ တောင်ဘက် ၅၈ ကီလိုမီတာအကွာ ပင်လယ်ပြင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီသင်္ဘောဟာ ယူကရိန်းစစ်တပ်အတွက် စစ်ရေးပစ္စည်းတွေ သယ်ဆောင်နေတယ်လို့ ရုရှားဘက်က စွပ်စွဲထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီအကြောင်းကို နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ Telegram ကတစ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်စခန်းရဲ့ တည်နေရာနဲ့ အသုံးပြုခဲ့တဲ့ လက်နက်အမျိုးအစားတွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အလားတူ ကုန်တင်သင်္ဘောရဲ့ အမည်၊ အလံတင်ထားတဲ့ နိုင်ငံနဲ့ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းအမျိုးအစားကိုလည်း မဖော်ပြထားပါဘူး။ ယူကရိန်းအစိုးရဘက်ကလည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရားဝင်တုံ့ပြန်ချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရုရှားဟာ အိုဒက်ဆာဒေသက ဆိပ်ကမ်းအဆောက်အအုံတွေနဲ့ ပင်လယ်နက်အတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဆက်တိုက်တိုက်ခိုက်ခဲ့ပါတယ်။

စနေနေ့ကလည်း ယူကရိန်းနိုင်ငံ ခရီဗီရီမြို့ရှိ အကြီးဆုံးသံမဏိစက်ရုံတစ်ခု၊ လျှပ်စစ်ဓာတ်အားခွဲရုံတွေနဲ့ ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။

တနင်္ဂနွေနေ့မှာလည်း အိုဒက်ဆာမြို့ရဲ့ အရှေ့တောင်ဘက် ၁၆ ကီလိုမီတာအကွာမှာ ရှိတဲ့ ကုန်တင်သင်္ဘောတစ်စင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။

အိုဒက်ဆာဒေသဟာ ယူကရိန်းနိုင်ငံရဲ့ စပါးနဲ့ အခြားကုန်ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်ဆီ တင်ပို့ရာမှာ အရေးပါတဲ့ ပင်လယ်နက်ဆိပ်ကမ်းဒေသ ဖြစ်ပါတယ်။

ဆိပ်ကမ်းတွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်လာတာကြောင့် သင်္ဘောအာမခံကြေးတွေ မြင့်တက်လာသလို ပင်လယ်နက်အတွင်း ကုန်သွယ်ရေးသင်္ဘောတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

တစ်ချိန်တည်းမှာပဲ ရုရှားနဲ့ ယူကရိန်းအကြား ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ စွပ်စွဲချက်တွေလည်း အပြန်အလှန် ထွက်ပေါ်နေပါတယ်။

နိုဝင်ဘာ ၁ ရက် ညပိုင်းမှာ ယူကရိန်းလေတပ်ရဲ့ လေကြောင်းသတိပေးစနစ် ဟက်ခ်ခံခဲ့ရပြီး နျူကလီးယားတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အတုအယောင်သတိပေးချက်တွေ ပေါ်ထွက်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ရုရှားဘက်ကလည်း နိုင်ငံအတွင်း အသုံးပြုနေတဲ့ အရေးပေါ်သတိပေးအက်ပ်တစ်ခုဟာ ဒီနေ့မှာ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ခါဆန်ဒေသမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ တနင်္ဂနွေနေ့မှာ သက်တမ်းကုန်ဆုံးခဲ့ပြီး ရုရှားဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ ကိယက်ဗ်အစိုးရက ဆိုပါတယ်။

ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနကလည်း တနင်္ဂနွေနေ့က ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မြို့အပါအဝင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ကိယက်ဗ်မြို့နဲ့ အနီးတစ်ဝိုက်မှာ အရေးပေါ်လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုတွေ စတင်ခဲ့တယ်လို့ ဓာတ်အားပေးရေးကုမ္ပဏီက ပြောပါတယ်။

လက်ရှိအချိန်အထိ ရုရှားက ထုတ်ပြန်ထားတဲ့ စစ်ရေးတိုက်ခိုက်မှုဆိုင်ရာ အချက်အလက်တွေနဲ့ သင်္ဘောဟာ စစ်ရေးပစ္စည်းတွေ သယ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#တိုက်ခိုက်မှု

#ရုရှားစခန်း

#ဆိုက်ဘာတိုက်ခိုက်မှု

ဆက်စပ်သတင်းများ

Eastern Thanlwin