Language:

အီရန် နျူကလီးယား လက်ကျန် စခန်းတွေကို ၁၀ မိနစ်အတွင်း တိုက်ခိုက်နိုင်တယ်လို့ ထရမ့်ပြော


အီရန် နျူကလီးယား လက်ကျန် စခန်းတွေကို ၁၀ မိနစ်အတွင်း တိုက်ခိုက်နိုင်တယ်လို့ ထရမ့်ပြော

၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

အီရန်ရဲ့ ကျန်ရှိနေသေးတဲ့ နျူကလီးယားစခန်းတွေကို အမေရိကန်အနေနဲ့ ၁၀ မိနစ်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဖလော်ရီဒါပြည်နယ် မာရာလာဂိုနေအိမ်မှာ စနေနေ့က ပြုလုပ်တဲ့ ဟယ်လိုဝင်းပါတီအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် အီရန်ရဲ့ နျူကလီးယားစွမ်းရည်ကို အမေရိကန်က ဖျက်ဆီးထားပြီးဖြစ်ပေမဲ့ ပစ်မှတ်တစ်ခု၊ နှစ်ခုတော့ ကျန်ရှိနေသေးတယ်လို့ ထရမ့်က ပြောခဲ့တာပါ။

အဲဒီပစ်မှတ်တွေထဲမှာ ပစ်ခက်စ်တောင်လို့ လူသိများတဲ့ နျူကလီးယားစခန်းလို့ သံသယရှိတဲ့နေရာလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အီရန်ကို နောက်ထပ်တိုက်ခိုက်ဖို့ အလျင်စလို ဆုံးဖြတ်မှာမဟုတ်ဘဲ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ထရမ့်က ပြောပါတယ်။ တစ်ဖက်မှာလည်း အီရန်ကို ယုံကြည်ဖို့ ခက်ခဲတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း တိုက်ခိုက်မှုအသစ်နဲ့ပတ်သက်ပြီး ထရမ့်အနေနဲ့ ဆုံးဖြတ်ချက်မချရသေးကြောင်းနဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းရေးကိုလည်း ဖွင့်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။

အီရန်ဘက်ကတော့ ပစ်ခက်စ်တောင်မှာ နျူကလီးယားလုပ်ငန်း လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး အမေရိကန်နဲ့ အစ္စရေးတို့ကိုလည်း နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

#နျူကလီးယားစခန်း

#ဟယ်လိုဝင်းပါတီ

#အီရန်

#ဒေါ်နယ်ထရန့်

#အမေရိကန်

ဆက်စပ်သတင်းများ

Eastern Thanlwin