၃၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့မှာ ခိုးယူလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ အတူ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ် တာဝန်ရှိသူထံက သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ (၃၀) ရက် နေ့လယ် (၁) နာရီအချိန်ခန့်က ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၁)၊ တရုတ်ဘုံကျောင်းအနီး လမ်းမပေါ်မှာ အမျိုးသား တစ်ဦး မောင်းနှင်လာတဲ့ HONDA WAVE 110 အမျိုးအစား ဆိုင်ကယ်ကို မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ ပိုင်ဆိုင်မှုအထောက်အထားမပြနိုင်လို့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူမှာ စည်သူထက်အောင် (ခ) စည်သူအရှည်ကြီး ဖြစ်ပြီး ၎င်းက ဆိုင်ကယ်ကို အောက်တိုဘာ (၁၅) ရက်၊ နံနက် (၄) နာရီအချိန်ခန့်က သူငယ်ချင်းဖြစ်သူ လင်းထူးအောင် (ခ) ငထူးနဲ့ အတူ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဝေ့နမ်းမလင်းကျေးရွာရှိ ရွာသွားလမ်းဘေး နေအိမ်တစ်အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို ခိုးယူခဲ့ကာ ပြန်လည်ရောင်းချဖို့ မောင်းနှင်လာတာလို့ ဝန်ခံထွက်ဆိုထားပါတယ်။
ဆက်လက်ပြီး ရဲတပ်ဖွဲ့ဝင်များက ခိုးယူလာတဲ့ ဆိုင်ကယ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး ပြစ်မှု ကျူးလွန်သူ လင်းထူးအောင် (ခ) ငထူးကို ဖမ်းဆီးနိုင်ရေးအတွက် ၎င်းရဲ့နေအိမ်ကို သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့သေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လင်းထူးအောင် (ခ) ငထူးကို ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့အတွင်း ဆိုင်ကယ်ခိုးမှုနဲ့ အခြားခိုးမှုများ လျော့နည်းကျဆင်းစေရေး ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့များက လှည့်ကင်းနဲ့ ဖမ်းဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်နေပြီး အောက်တိုဘာလအတွင်း ဆိုင်ကယ်ခိုးယူသူများနဲ့ ဓားကိုင်ဆောင်သူများကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

