Language:

နောက် ၂ ရက်အတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးပိုလာနိုင်မယ်လို့ မိုး/ဇလ သတိပေး


နောက် ၂ ရက်အတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးပိုလာနိုင်မယ်လို့ မိုး/ဇလ သတိပေး

၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက် ၂ ရက်အတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးပိုလာနိုင်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် သတိပေးထားပါတယ်။

ယနေ့ အောက်တိုဘာ ၂၉ ရက်၊ မနက်ပိုင်း တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ အနောက် – အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ နီကိုးဘားကျွန်းတို့မှာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်း မိုး/ဇလက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အာနာဘ် (ARN AB)ဟာ အောက်တိုဘာ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နဲ့ ရနမ် ကမ်းခြေတို့ကို ဘပတ်လမြို့ (Ba patla)နဲ့ ဗီဆာကာပတ္တနမ်မြို့(Visakhapatnam)တို့အကြား၊ ရနမ်မြို့(Yanam) တောင်ဘက် အနီးကနေ ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားပြီလို့ သိရပါတယ်။

အဲ့ဒီ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနာဘ် (ARN AB) ရဲ့ အရှိန်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲ မိုးရွာခဲ့ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့တယ်လို့ မိုး/ဇလက အသိပေးထားပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်း အရှိန်ကြောင့် နောက် ၂ ရက်အတွင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးပိုလာမယ်လို့လည်း မိုး/ဇလက သတိပေးထားပါတယ်။

#နောက်၂ရက်အတွင်း

#တိုင်းနဲ့ပြည်နယ်

#မိုးပိုလာနိုင်

ဆက်စပ်သတင်းများ

Eastern Thanlwin