Language:

နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ကြဖို့ နိုင်ငံတော်သမ္မတ ပြောကြား


နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ကြဖို့ နိုင်ငံတော်သမ္မတ ပြောကြား

၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ဖိုးစည်

တရားမဝင် ကုန်သွယ်မှု မရှိစေရေးနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ကြဖို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ယမန်နေ့ အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းက နိုင်ငံတော် သမ္မတရုံးမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက အခုလို ပြောကြားခဲ့တာပါ။

အဲ့ဒီအစည်းအဝေးမှာ နိုင်ငံတော်သမ္မတက ပိုကုန်၊ သွင်းကုန်လုပ်ငန်းများနဲ့ စပ်လျဉ်းပြီး နယ်စပ်ကုန်သွယ်မှုများတွင် အချို့သော နယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခများလည်း မရရှိတဲ့အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှု မရှိတဲ့ ကုန်ပစ္စည်းများကို သုံးစွဲကြရနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်မှလည်း လိုအပ်တဲ့ ရင်းနှီးမတည်ချေးငွေများကို ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက် ရရှိမှသာလျင် ပြည်တွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုများကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့လည်း နိုင်ငံတော် သမ္မတက အသိပေးပြောကြားသွားပါတယ်။

လက်ရှိအစိုးရအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ယခင်က ကြုံတွေ့ခဲ့ရသော စီးပွားရေးနဲ့ ပတ်သက်တဲ့ အခက်အခဲနဲ့ သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန်လည်း မှာကြားသွားပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်ရရှိရေးနှင့် မိမိတို့ နိုင်ငံ၏ ထုတ်ကုန်များ ဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနဲ့စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြောကြားပါတယ်။

မနေ့က ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ဒုတိယ သမ္မတ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနဲ့ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါတယ်။

#အချုပ်အခြာအာဏာ

#အမျိုးသားအကျိုးစီးပွား

#ခိုင်ခိုင်မာမာကာကွယ်ကြဖို့

#နိုင်ငံတော်သမ္မတ

ဆက်စပ်သတင်းများ

Eastern Thanlwin