၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီနဲ့ စားသုံးဆီတွေ နှစ်စဉ်အများအပြား တင်သွင်းနေရမှု၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ မြန်မာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ သမ္မတက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းကုန်ဈေးနှုန်းတွေ လျှော့ချနိုင်ဖို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံအောင်ဆောင်ရွက်ဖို့ လိုအပ်ပြီး ထုတ်လုပ်မှုတိုးတက်လာပါက ပြည်ပတင်ပို့မှု မြှင့်တင်နိုင်သလို သွင်းကုန်အပေါ် မှီခိုမှုကိုလည်း လျှော့ချနိုင်မယ်လို့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုတွေ မဖြစ်ပေါ်စေရေး ကြပ်မတ်ဖို့နဲ့ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းတွေကတစ်ဆင့် ပို့ကုန်ဈေးကွက်သစ်တွေ ရှာဖွေဖို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ခေတ်မှီ နည်းပညာတွေ အသုံးပြုဖို့၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ အထည်ချုပ်လုပ်ငန်း (CMP) တွေ အဆင်ပြေစွာ လည်ပတ်နိုင်ရေး သက်ဆိုင်ရာဌာနတွေက ပံ့ပိုးပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အစည်းအဝေးကို ဒုတိယ သမ္မတ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက Video Conferencing နဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
#စက်သုံးဆီ၊စားသုံးဆီ

