၃၁ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
လာမယ့် ၂၀၂၇ ခုနှစ်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲ အပိုင်း (၃)ပိုင်းရဲ့ နောက်ဆက်တွဲအနေနဲ့ လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၁၇၂)နေရာအတွက် မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသွားပါတယ်။
ဒီကနေ့ ဇူလိုင် (၃၁) ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရက် (၁၀၀) ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားစဉ် ၎င်းကထည့်သွင်းပြောကြားသွားတာပါ။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲပို အပိုင်း (၃)ပိုင်းခွဲ ကျင်းပခဲ့ပြီး လက်ရှိတွင် မဲဆန္ဒနယ် (၆၈၈)နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၀၂၅) ဦးက ဥပဒေပြုတာဝန်များကို ထမ်းဆောင်လျက်ရှိတယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားသွားပါတယ်။
ပြည်ထောင်စု အစိုးရဖွဲ့စည်းပြီးနောက် လစ်လပ်သွားတဲ့ မဲဆန္ဒနယ်များနဲ့ လုံခြုံရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ နေရာများအတွက် ၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဦးမင်းအောင်လှိုင်က အတိအလင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၈၉) နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၅) နယ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၆၈) နယ်အတွက် မြို့နယ် (၁၀၂) မြို့နယ်မှာ မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) နဲ့ ကျင်းပသွားမယ်လို့လည်း ပြောကြားသွားပါတယ်။

