Language:

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၆ ခုကို ဒေါ်လာသန်း ၂၀ ကျော်ဖြင့် MIC ခွင့်ပြု၊ အလုပ်အကိုင် ၂,၁၃၀ ဖန်တီးနိုင်မယ်


ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၆ ခုကို ဒေါ်လာသန်း ၂၀ ကျော်ဖြင့် MIC ခွင့်ပြု၊ အလုပ်အကိုင် ၂,၁၃၀ ဖန်တီးနိုင်မယ်

၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၂၉ သန်း၊ ကျပ် ၅၆၄,၃၉၁ ဒသမ ၃၉ သန်း ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းသစ် ၁၆ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုလိုက်ပြီး အဆိုပါ လုပ်ငန်းတွေကနေ အလုပ်အကိုင်အခွင့်အလမ်း ၂,၁၃၀ ခု ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ MIC ရဲ့ (၆/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှာ အခုလို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ခွင့်ပြုခဲ့တဲ့ လုပ်ငန်းတွေထဲမှာ စက်မှုကဏ္ဍက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂ ခုနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၈ ခု ပါဝင်ပါကာ လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွေက ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခုကိုလည်း ခွင့်ပြုပေးခဲ့တာပါ။

လက်ရှိလုပ်ကိုင်နေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်ရေးကိစ္စတွေကိုလည်း အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

ခွင့်ပြုချက်ရရှိခဲ့တဲ့ လုပ်ငန်းတွေမှာ လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချတာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်တာ၊ ရွှေသတ္တုအကြီးစား တူးဖော်ထုတ်လုပ်တာနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်လည်ပတ်တာတွေ ပါဝင်ပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာလုပ်ငန်းတွေအနေနဲ့ အသားတိုး နွားနဲ့ နို့စားနွားမွေးမြူရေး၊ နို့ဆီ၊ နို့စိမ်းနဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်ရေး၊ မွေးမြူရေးအစာနဲ့ မြေဩဇာထုတ်လုပ်ရေး၊ မှန်လုံအိမ်စိုက်ပျိုးရေး၊ မျိုးစေ့ထုတ်လုပ်သန့်စင်ရေးနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်တွေ သိုလှောင်ရောင်းချရေးလုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

အဲဒီအပြင် ရုံးခန်းအဆောက်အအုံ တည်ဆောက်ငှားရမ်းစီမံခန့်ခွဲရေး၊ ဆပ်ပြာထုတ်လုပ်ရေး၊ ပဲနို့ထုတ်လုပ်ဖြန့်ဖြူးရေးနဲ့ ဘက်ထရီအိုးဟောင်းတွေကို သန့်စင်ကျိုချက်ပြီး ပြန်လည် ထုတ်လုပ် ရောင်းချရေးလုပ်ငန်းတွေလည်း ခွင့်ပြုချက်ရရှိထားပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးရရှိထားတဲ့ စီးပွားရေးကဏ္ဍတွေကတော့ လျှပ်စစ်ဓာတ်အားကဏ္ဍက ၂၈ ဒသမ ၀၅ ရာခိုင်နှုန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍက ၂၀ ဒသမ ၄၀ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍက ၁၅ ဒသမ ၃၈ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

MIC အနေနဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အဆိုပြုချက်တွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့အညီ စိစစ်ခွင့်ပြုပေးတာအပြင် လုပ်ငန်းဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း

#ဒေါ်လာသန်း၂၀

#MIC

#အလုပ်အကိုင်

ဆက်စပ်သတင်းများ

Eastern Thanlwin