၂၉ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံသားများနဲ့ တတိယနိုင်ငံသားများကို တာချီလိတ်–မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားမှ တစ်ဆင့် ဝင်ထွက်ခွင့်ပြုထားသော်လည်း လာရောက် လည်ပတ်မှု မရှိသေးဘူးလို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရပါတယ်။
ထိုင်းနိုင်ငံသားများအနေနဲ့ သတ်မှတ်ထားတဲ့ နိုင်ငံကူးလက်မှတ်၊ ဗီဇာ (သို့) နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass – BP) ဆိုင်ရာ စည်းမျဉ်းများနဲ့ ကိုက်ညီပါက တာချီလိတ်မြို့က တစ်ဆင့် ကျိုင်းတုံမြို့အထိ သွားလာနိုင်ပြီး တတိယနိုင်ငံသားများကိုလည်း သတ်မှတ်ထားတဲ့ Package Tour အစီအစဉ်များနဲ့ ကိုက်ညီပါက ဝင်ထွက်ခွင့်ပြုထားတာလို့ သိရပါတယ်။
“တတိယနိုင်ငံသားတွေကို ဝင်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ ဝင်ရောက်လာတဲ့သူတော့ မရှိသေးပါဘူး။ ၇ လပိုင်းကလည်း မရှိဘူး။ ၈ လပိုင်းကလည်း မရှိဘူး။ ၉ လပိုင်းမှာလည်း မရှိသေးပါဘူး။ ဝင်ရောက်လာရင်လည်း သုံးလေးယောက်ပါပဲ။ ဒါတောင် လတိုင်း ပုံမှန်လာတာမျိုး မရှိပါဘူး။” လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဝင်ဇော်က အရှေ့သံလွင် သတင်းမီဒီယာကို ပြောပါတယ်။
တာချီလိတ်မြို့ဟာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ချစ်ကြည်ရေးအမှတ်(၁) တံတားက တစ်ဆင့် နှစ်နိုင်ငံပြည်သူတွေ နယ်စပ်ဖြတ်သန်းသွားလာမှု ရှိနေတာပါ။
တတိယနိုင်ငံသားတွေကို ဝင်ထွက်ခွင့်ပြုထားပေမယ့် လာရောက်လည်ပတ်သူ မရှိသေးတာကြောင့် ခွင့်ပြုချက်ရှိခြင်းနဲ့ လက်တွေ့လာရောက်လည်ပတ်မှုအကြား ကွာခြားချက်ရှိနေတာလို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရတော့ တတိယနိုင်ငံသားများအတွက် နယ်စပ်ဝင်ထွက်မှုကို ခွင့်ပြုထားသော်လည်း လာရောက်လည်ပတ်သူ အရေအတွက်မှာ နည်းပါးနေဆဲဖြစ်ပြီး လစဉ်ပုံမှန် ဝင်ရောက်မှုလည်း မရှိသေးဘူးလို့ သိရပါတယ်။
#နယ်စပ်မှဝင်/ထွက်

