၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မှာ မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်လာတဲ့ ပစ်ကပ်ကားပေါ်ကနေ ICE မူးယစ်ဆေး ၂၈၅ ကီလိုဂရမ်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက် ဒီနေ့ မနက် ၁ နာရီခွဲခန့်မှာ ချင်းရိုင်မြို့ကနေ ဘန်ကောက်မြို့ဘက်ကို သွားတဲ့ ဖဟွန်ယိုသင် အဝေးပြေးလမ်းမပေါ်မှာ မူးယစ်ဆေး သယ်ဆောင်လာတယ်လို့ သတင်းရရှိထားတဲ့ ကားတစ်စီးကို ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဖန်ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီကားဟာ ချင်းရိုင်မြို့နယ်ကနေ မယ်လောင်မြို့နယ်ကို ဖြတ်ပြီး ဖန်မြို့နယ်ကတစ်ဆင့် ဖယောင်းခရိုင်ဘက်ကို သွားနေတဲ့ အပြာရောင် Isuzu TFR Space Cab ပစ်ကပ်ကား ဖြစ်ပါတယ်။
ဖန်မြို့နယ်နဲ့ ဖယောင်းခရိုင်နယ်စပ်အနီး ပူးကဲန် စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးခဲ့ရာ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား မစ္စတာ ဇော်ရဲမင်းထွန်း (Zaw Ye Min Htun) ကို ယာဉ်မောင်းအဖြစ် တွေ့ရှိခဲ့ပါတယ်။
ကားနောက်ပိုင်းမှာ သယ်ဆောင်လာတဲ့ အိတ် ၉ အိတ်ကို စစ်ဆေးရာကနေ ICE မူးယစ်ဆေးတွေကို တွေ့ရှိခဲ့တာပါ။ အိတ် ၆ အိတ်မှာ တစ်အိတ်ကို ၃၂ ကီလိုဂရမ်စီနဲ့ ကျန်တဲ့ ၃ အိတ်မှာ တစ်အိတ်ကို ၃၁ ကီလိုဂရမ်စီ ပါဝင်ပြီး စုစုပေါင်း ၂၈၅ ကီလိုဂရမ် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဖမ်းဆီးရမိသူနဲ့ မူးယစ်ဆေးတွေကို ဖန်မြို့နယ်ရဲစခန်းထံ လွှဲပြောင်းပေးအပ်ထားပြီး မူးယစ်ဆေးသယ်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေအရ အရေးယူနိုင်ဖို့အပြင် ဆက်စပ်ပါဝင်သူတွေကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

