Language:

ချင်းရိုင်ခရိုင်က ဘုန်းကြီးကျောင်းမှာ မူးယစ်ဆေးသုံးစွဲနေတဲ့ သံဃာ ၃ ပါး စစ်ဆေးတွေ့ရှိ


ချင်းရိုင်ခရိုင်က ဘုန်းကြီးကျောင်းမှာ မူးယစ်ဆေးသုံးစွဲနေတဲ့ သံဃာ ၃ ပါး စစ်ဆေးတွေ့ရှိ

၂၈ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ဖန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ သံဃာ (၃) ပါး တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ (၂၆) ရက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ သတင်းအရ ဒေသအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ သံဃာအဆောင်တွင်း သံဃာ(၃) ပါးကို ဘီယာပုလင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းများနဲ့အတူ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ သံဃာ (၃)ပါးကို ဒေသအာဏာပိုင်များက စစ်ဆေးမေးမြန်းရာ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါး သုံးစွဲခဲ့တာလို့ ဝန်ခံထွက်ဆိုထားပြီး တာဝန်ရှိသူများက ဆီးစစ်ဆေးခဲ့ရာ သံဃာ (၃) ပါးလုံးမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူများက မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ သံဃာ (၃) ပါးကို ထိန်းသိမ်းကာ (၂) ပါးကို မူးယစ်ဆေးဝါးဖြတ်ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်သို့ ပို့ဆောင်ခဲ့ပြီး ကျန် (၁) ပါးကို ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်မယ်လို့ သိရပါတယ်။

အဆိုပါလုပ်ဆောင်မှုသည် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ “‘ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး Action 5 PLUS’ အစီအစဉ်” အရ လုံခြုံရေးကဏ္ဍမှာ မူးယစ်ဆေးဝါးပြဿနာများကို ကာကွယ်နှိမ်နင်းရန်နှင့် ပြည်သူများ စိတ်ချလုံခြုံစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#ချင်းရိုင်ခရိုင်

#ဘုန်းကြီးကျောင်း

#မူးယစ်ဆေးသုံးစွဲ

#သံဃာ၃ပါး

ဆက်စပ်သတင်းများ

Eastern Thanlwin