၂၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နာမည်ကြီး ထိုင်းလက်ဝှေ့သမားတစ်ဦးကို Toyota Fortuner ကားတစ်စီးနဲ့ လမ်းပိတ်တားဆီးပြီးနောက် အမျိုးသားနှစ်ဦးက ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အနုချာ ဖိုင်ဆန်ဖနာ (Anucha Paisanphana)၊ “เงาพยัคฆ์ แอ๊ดสันป่าตอง” လို့ လူသိများတဲ့ အဆိုပါလက်ဝှေ့သမားဟာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ချင်းမိုင်မြို့ မယ်ဟီးယားရပ်ကွက်ရှိ Chiang Mai Klaimor ဆေးရုံအနီးမှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ Toyota Fortuner SUV ကားတစ်စီးက အနုချာရဲ့ ကားရှေ့ကို ဖြတ်ဝင်ပြီး လမ်းပိတ်ရပ်တန့်ခဲ့တာဖြစ်ပြီး ကားပေါ်က အမျိုးသားနှစ်ဦး ဆင်းလာပြီး ကားအတွင်းထိုင်နေတဲ့ အနုချာကို ဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် အနုချာရဲ့ နဖူးမှာ ဒဏ်ရာရရှိခဲ့ပြီး ချုပ်ရိုး ၅ ချက်၊ နှုတ်ခမ်းမှာ ချုပ်ရိုး ၄ ချက် ချုပ်ရပြီး ရှေ့သွားတစ်ချောင်း ကျိုးသွားပြီး နောက်တစ်ချောင်းလည်း လှုပ်နေတဲ့အတွက် လက်ရှိမှာ ပုံမှန်အတိုင်း အစာစားလို့မရဘဲ ဆန်ပြုတ်သာ စားသုံးနေရတယ်လို့ သိရပါတယ်။
အနုချာက တိုက်ခိုက်သူတွေကို အရင်က သိကျွမ်းခြင်းမရှိသလို ရန်ငြိုးရန်စလည်း မရှိခဲ့ကြောင်း ပြောဆိုထားပြီး လမ်းပေါ်မှာ ကားချင်း ဖြတ်မောင်းရာကနေ မကျေနပ်မှုဖြစ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် တိုက်ခိုက်မှုရဲ့ အကြောင်းရင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အနုချာက ချင်းမိုင်မြို့ရဲစခန်းမှာ တိုင်ကြားထားပြီး ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ CCTV မှတ်တမ်းတွေကို ရှာဖွေနေပါတယ်။
တစ်ဖက်မှာလည်း အနုချာရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေက လူမှုကွန်ရက်ကတစ်ဆင့် အကူအညီတောင်းခံထားပြီး ဖြစ်စဉ်ဖြစ်ပွားချိန်မှာ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခဲ့သူတွေအနေနဲ့ ကားဒက်ရှ်ကင်မရာမှတ်တမ်းတွေ၊ ကျူးလွန်သူတွေရဲ့ ကားနံပါတ်ပြားကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေ ရှိပါက ရဲတပ်ဖွဲ့ထံ ပေးအပ်ကူညီကြဖို့ တောင်းဆိုထားပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

