၂၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
ထိုင်း-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေကြောင့် ကျည်ဆန်နဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကို ကျရောက်လာရင် တုံ့ပြန်ဆောင်ရွက်ဖို့ အစီအမံ ၄ ရပ်ကို ထိုင်းစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ရာဂျာမာနု အထူးလုပ်ငန်းအဖွဲ့က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီအမံတွေမှာ စစ်ရေးတုံ့ပြန်မှု၊ သံတမန်ရေးရာ ဆောင်ရွက်မှု၊ အရပ်သားတွေကို ကာကွယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးတို့ ပါဝင်ပါတယ်။
မြန်မာဘက်က ကျည်တွေ ထိုင်းပိုင်နက်ထဲ ကျရောက်လာရင် သတိပေးပစ်ခတ်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ထိုင်းပြည်သူတွေ ထိခိုက်လာရင် အခြေအနေနဲ့ အချိုးညီတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်မယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ ဒါ့အပြင် နယ်စပ်တစ်လျှောက် စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်တာ၊ ကင်းလှည့်တာနဲ့ ဒရုန်း၊ လေယာဉ်တွေ အသုံးပြုပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်သွားမှာပါ။
သံတမန်ရေးအရလည်း မြန်မာစစ်တပ်ကို ဆက်သွယ်သတိပေးပြီး ထိုင်းဘက်ကို ကျည်တွေ ထပ်မံမကျရောက်စေဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာရင် နယ်စပ်အနီးနေထိုင်သူတွေကို ယာယီခိုလှုံရာနေရာတွေဆီ ရွှေ့ပြောင်းပေးဖို့နဲ့ ထိခိုက်နစ်နာသူတွေကို ကူညီပေးဖို့လည်း ပြင်ဆင်ထားပါတယ်။
လက်ရှိမှာ မဲဆောက်မြို့အနီး မြန်မာဘက်ခြမ်းမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်စပ်ဖြတ်ကျော်ကျည်ဆန်တွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

